ရှမ်းမြောက် အရပ်သား သေဆုံးမှု ၁၀ ဦးကျော်သွားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ လူ့အခွင့်အရေးများ ဆက်တိုက်ချိုးဖောက်ခံရသည့်အပြင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ဦးရေလည်း တိုးလာသည်ဟု ရှမ်းမြောက်ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
“တိုးလာတယ်။ အရေအတွက်ကတော့ တိုးလာပါတယ်။ အခုချိန်ထိဆိုရင်တော့ သေတာက ၁၁ ယောက်ရှိသွား ပြီ ဒဏ်ရာရ တာကတော့ ၂၄ ယောက် ၂၅ ယောက်လောက်တော့ ရှိနေပြီ။ ဒါက ကျနော်တို့ ရတဲ့သတင်း အချက်အလက် လက်လှမ်းမှီသလောက်ပေါ့။ တခြား ကျနော်တို့ လက်လှမ်းမမှီတဲ့ ထိခိုက်တာ ဘယ်လောက်ရှိ သလဲဆိုတော့ ကျနော်တို့ မသိရဘူးပေါ့” ဟု ရှမ်းပြည် နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က ပြောသည်။
ဒေသခံများမှာ လက်နက်ကြီးထိမှန်ခြင်းကြောင့် သေဆုံးရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများ၊ နှစ်ဖက်လက် နက်ကိုင် အဖွဲ့အစည်းများမှ မသင်္ကာ၍ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရသူများနှင့် အရပ်သားများကို အရပ်သားကဲ့သို့ မဆက်ဆံခြင်းအစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရသည်ဟု HST-NSS က ပြောသည်။
“အဓိကကတော့ ကျနော်တို့ လက်နက်နဲ့ ထိမှန်တဲ့ ကိစ္စရှိတယ်။ နောက်ပြီးတော့ဒီအရပ်သားတွေကို မသင်္ကာ လို့ ဖမ်းဆီးစစ်ဆေးတဲ့ဟာ ကျနော်တို့ အရပ်သားကို အရပ်သားလို မဆက်ဆံဘဲနဲ့ ကျနော်တို့ ဒီစစ်ရဲ့ အနိဌာန်ရုံအောက်မှာ အပစ်မဲ့တဲ့ အရပ်သားတွေကတော့ ခံနေရတယ်လု့ိပဲ ကျနော်တို့ မြင်တယ်။”
သြဂုတ်လ ၂၆ ရက်နေ့ ယမန်နေ့ကလည်း ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်အုပ်စု ပန်ဆေးကျေးရွာသို့ ကွတ်ခိုင် အခြေစိုက် ခမရ ၄၅ မှ ပစ်လွှတ်လိုက်သည့် လက်နက်ကြီးကျဉ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ တစ်ဦးသေ၊ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည် ဟု ဒေသခံများက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံနေရသည်ဟု ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့ကလည်း ပြင်ဦးလွင်ရှိ စိုင်းခွန်မိုင် (၂၆ ) နှစ်နှင့် စိုင်းလိုင်းစင် ၂၄ နှစ် ညီအစ်ကို ၂ ဦးအား သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် စစ်ဆေးမေးမြန်းမည်ဟုဆိုကာ ပြင်ဦးလွင် ရဲစခန်းတွင် ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စိုင်းဆုက ပြောသည်။
“နောက်ဆုံးအခြေအနေကတော့ သူတို့က ပြင်ဦးလွင် ရဲစခန်းမှာပဲ ရှိနေတယ်။ သူတို့က ၂ ရက်နေ့အထိ ရမန်ယူထားတယ်ပေါ့။ စစ်ဆေးမေးမြန်းစရာ ကိစ္စတွေ ရှိတဲ့အတွက်ကြောင့် သူတို့ ၂ ယောက်ကို ဆက်လက်ပြီးတော့ ခေါ်ထားတယ်လို့ သူ့ရဲ့မိဘအသိုင်းအဝိုင်းတွေကနေ တဆင့်ကျနော်တို့ သိရပါတယ်။”
ရှမ်းလူငယ် ၂ ဦးမှာ ကော်တိုင်းဟုခေါ်သည့် ရှမ်းပရဟိတကျောင်းတွင် ကလေးများ၏ ပညာရေးအတွက် ပညာ သင်ကြားပေးနေသည့် ကျောင်းဆရာ ၂ ဦးသာဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲ အသိပညာပေးခဲ့သူများဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် မိသားစု စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူများဖြစ်ပြီး စစ်ရေးစစ်ရာများနှင့် လုံးဝပတ်သက်ဆက်နွယ်မှု မရှိသူများဟုသိရသည်ဟု TYN ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တိုက်ပွဲကြောင့် လက်နက်ကြီးကျဉ် ထိမှန်သေဆုံးနေသူများ ရှိသည့်အပြင် စစ်ရေးပဋိပက္ခအတွင်း ဘာသာစကား အခက်အခဲကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူများလည်း များစွာရှိသည်ဟု HST-NSS က ဆိုသည်။
“လက်နက်ကိုင်တွေ ကျေးရွာဒေသမှာ လက်နက်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ကိစ္စတွေ လက်နက်ကြီးပစ်ခတ်တဲ့ ကိစ္စတွေ ဒါကမဆုံးရှုံးသင့်ပဲနဲ့ ကျနော်တို့ရဲ့ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးလိုက်တဲ့ဟာမျိုး။ တိုက်ပွဲကြောင့် ကျနော်တို့ ဒီဖမ်းဆီးစစ်ဆေးတဲ့ ကိစ္စတွေ တချို့ကောင်းကောင်းမွန်မွန် မြန်မာစကား မပြောတတ်တဲ့သူကတော့ အဖမ်းခံရတဲ့လူတွေလည်း အများကြီးရှိပါတယ်။ ဒါတွေက လူ့အခွင့်အရေးချိုးဖောက်တာလည်း ဖြစ်သလို တဖက်မှာတော့ ကျနော်တို့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ဟာမျိုး ဖြစ်တာပေါ့နော်။”
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည့်အပြင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရန်လိုအပ်သည့်အပြင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုလည်း ငဲ့ကွက်ရန်လိုသည်ဟု ဦးဟောင်းဒေါင် ဆက်ပြောသည်။
“အဓိကကတော့ အရပ်သား ပြည်သူထိခိုက်လို့ ရှိရင်တော့ ဒါ တာဝန်ခံပေးဖို့လိုတယ်။ ပြန်ပြီးမှ တာဝန်ရှိရှိနဲ့ ပြန် ပြီးမှ တာဝန်ယူပေးဖို့လိုတယ်။ အခုဖြစ်တဲ့ဟာက ဘယ်သူလုပ်လိုက်မှန်းတောင် မသိပဲနဲ့ နေတဲ့ဟာမျိုးပေါ့ အဓိကပြောချင်တာက ဒီရှမ်းမြောက်ရဲ့ ပဋိပက္ခအတွင်းမှာကတော့ နှစ်ဖက်လက်နက်ကိုင်တွေ အားလုံးကတော့ တာဝန်ယူမှု တာဝန်ခံမှုကတော့ တော်တော် ပေါ့လျော့တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ပြောသည်။
“နောက်ပြီးတော့ ဒီအရပ်သားတွေကို မကြာခဏဆိုပြီးတော့ အရပ်သားတွေကို ထိခိုက်စေတဲ့အရာမျိုး ဖြစ်နေတော့ ဒါကလုံး၀ နိုင်ငံတကာ စစ်ရာဇဝတ်မှုနဲ့လည်း ညှိစွန်းတယ်လို့တော့ ကျနော်တို့က အဲလိုမျိုးပဲ သုံးသပ်ပါတယ်။ အဓိကကတော့ ပြည်သူလူထုကို ထိခိုက် နစ်နာစေတဲ့ တိုက်ပွဲမျိုးဖြစ်နေတယ်ပေါ့နော်။”
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တိုက်ပွဲကြောင့် ဒေသခံများမှာ နေထိုင်စားသောက်ရန်နှင့် သွားလာလှုပ်ရှားရန် ခက်ခဲလာသည့်အပြင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံနေရသည့်အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် မဟုတ်ပဲ စားပွဲဝိုင်းပေါ်တွင် အမြန်ဆုံးတွေ့ဆုံဆွေးနွေး အဖြေရှာရန် ဒေသခံများက တောင်းဆိုနေကြသည်။