ရှမ်းမြောက် စစ်ဘေးရှောင်အချို့ နေရပ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။

စစ်ရေးအခြေအနေ တည်ငြိမ်မှု မရှိသေးသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ စစ်ဘေးရှောင် ၃၀၀၀ ကျော်သည် စိုက်ပျိုးရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ရန်အတွက် နေရပ်ပြန်သွားကြသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။

တိုက်ပွဲကြောင့် လားရှိုးမြို့နှင့် သိန်းနီမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာ သြဂုတ်လ ၂၆ ရက်နေ့က နေရပ်ပြန်ကြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် ကွန်ရက် (TYN) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆုက ပြောသည်။

“မနေ့ကဆိုတော့ သူကလက်ကျန် တစ်ရာ တစ်ရာငါးဆယ် ဝန်းကျင်ပဲရှိတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း နည်းနည်းဆီပေါ့ အဆင်ပြေတဲ့ရွာတွေ နီးတဲ့ရွာတွေ သူ့ဟာသူ ပြန်တာတွေရှိတယ် မနေ့ကတော့ တိုက်ပွဲနဲ့ အရမ်းနီးစပ်ပြီးတော့ တိုက်ပွဲဖြစ်ဖို့ ရာခိုင်နှုန်းများတဲ့ ကျန်ခဲ့တဲ့ ရွာတွေကနေ နောက်ဆုံးပြန်တာပဲ ဖြစ်ပါတယ်ပေါ့။”

ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေး ဆိုခွင့်ရှိသူ ဦးဟောင်းဒေါင်ကလည်း “လားရှိုးနဲ့ ဒီသိန်းနီက စစ်ရှောင် သုံးထောင်ကျော်တော့ သူ့အိမ်ပြန်သွားပြီ လောလောဆယ် ကွတ်ခိုင်မှာတော့ နှစ်ထောင် ကျော်ရှိသေးတယ်။ အဓိကကတော့ အဲဒီ လားရှိုး ပတ်ဝန်းကျင် ရွာကပဲ လားရှိုးရဲ့ အရှေ့မြောက်ဝန်းကျင်လောက် အဲဒီပတ်ဝန်းကျင်ရွာကပဲ လားရှိုးနဲ့ မိုင်းယော်သွားတဲ့ လမ်း ဘေးရွာတွေကပေါ့” ဟု ပြောသည်။

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲဖြစ်ပွားမှုနှင့် အနည်းငယ်ဝေးသည့် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ဒေသအတွင်း စစ်ရေးတင်းမာမှု ရှိသည့်ကြားက စိုက်ပျိုးရေး လုပ်ငန်းပြန်လည် လုပ်ဆောင်ရန်နေရပ် ပြန်ကြခြင်းဖြစ်သည်ဟု ရှမ်းပြည် နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က ဆက်ပြောသည်။

“ဒီရှမ်းမြောက် လားရှိုးဝန်းကျင် ဒီကျောက်မဲ သီပေါ လားရှိုး မူဆယ်အထိတော့ စစ်ရေးတင်းမာမှုတော့ ရှိနေပါသေးတယ်။ ဒါပေမယ့် တိုက်ပွဲမရှိလို့ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ဝေးလို့ သူတို့ကတော့ ပြန်တယ်လို့ပဲ နားလည်ပါတယ်။ နောက်ပြီး ဒီအချိန်မှာကျတော့ စိုက်ပျိုးရေးကာလဖြစ်တဲ့ အတွက်ကြောင့် တောင်သူတွေကတော့ သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ပြန်ပြီး လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။”

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင်တစ်ချို့ နေရပ် ရင်းသို့ ပြန်သွားကြသော်လည်း နယ်မြေတည်ငြိမ်မှု အတိုင်းအတာတစ်ခုအထိ မရရှိသေးသည့်အပြင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် ၎င်းတို့၏ လုံခြုံရေးမှာ စိုးရိမ်ရသည့် အနေအထားတွင်ရှိနေသည် ဟု TYN မှ စိုင်းဆု က ပြောသည်။

“လုံခြုံရေးကတော့ လုံးဝကို ကျနော်တို့ အာမခံလို့မရတဲ့ အနေအထားပါပဲ ဘယ်အချိန်ပြန်ထဖြစ်မယ် ဘယ် အချိန်မှာ ကျေးရွာတွေပေါ်မှာ မထင်မှတ်ထားတဲ့ အနေအထားတစ်ခု ကျရောက်လာနိုင်တယ်ဆိုတာ ဘယ်သူမှ အာမမခံနိုင်တဲ့ အနေအထားပါပဲ” ဟု စိုင်းဆု ကပြောသည်။“ဘာဖြစ်လို့လဲဆိုတော့ လက်ရှိကလည်း သက်ဆိုင်ရာ မြောက်ပိုင်း ၃ ဖွဲ့ကလည်း သူတို့ထုတ်ပြန်ချက်တွေ ထုတ်ထားတယ် တပ်မတော်ကလည်း သတင်းစာရှင်း လင်းပွဲတွေ လုပ်ထားတယ်။ ဒီအနေအထားကို သုံးသပ်ကြည့်ရင် နှစ်ဖက်စလုံးက တင်းမာတဲ့ ပုံစံတွေ့ရတဲ့ အတွက်ကြောင့် ကျနော်တို့ကတော့ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာမှာကိုတော့ ကျနော်တို့ စိုးရိမ်တဲ့အတွက် ကြောင့် သူတို့ရဲ့ လုံခြုံရေးအရ တော်တော်လေး စိတ်ပူရပါတယ် ခင်ဗျာ။”

လားရှိုးမြို့ရှိ စစ်ဘေးရှောင်များမှာ နေရပ်ပြန်သွားကြသော်လည်း ကွတ်ခိုင်ရှိ စစ်ဘေးရှောင်များမှာ နေရပ်ပြန်နိုင်မည့် အနေအထား မတွေ့ရသေးသည့်အပြင် စစ်ဘေးရှောင်ဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာသည်ဟု ပြောသည်။ ထို့ကြောင့် အကူအညီများလည်း လိုအပ်နေဆဲဟု ဦးဟောင်းဒေါင်က ဆက်ပြောသည်။

“အများကြီးလိုအပ်ပါတယ်။ အခြေခံ စားသောက်ကုန်တွေ ကျနော်တို့က ဆန်၊ဆီ၊ ဆား၊ ပဲ အဲ့ဒါဘဲ ကူညီနိုင်တာ တခြား သူတို့အခြားအစားအသောက် အာဟာရတွေ အစားအသောက် ဟင်းသီးဟင်းရွက် အဲလိုမျိုးတွေ အစားအသောက်ဆိုရင်တောင်မှ သူက အစုံလိုအပ်တာလေနော်။ ဆိုတော့လူကလည်း ရာနဲ့ချီ ထောင်နဲ့ချီဆိုတော့ လိုအပ်ချက်တွေတော့ အများကြီးရှိပါသေးတယ်။”

သြဂုတ်လ ၂၇ ရက်နေ့ (ယမန်နေ့)တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့အကြား ကွတ်ခိုင် မြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တစ်ရက်တည်းတွင် တိုက်ပွဲ အကြိမ်ရေ ၇ ကြိမ် ဖြစ်ပွား ခဲ့သည် ဟု ညီနောင် (၃) ဖွဲ့ က ထုတ်ပြန်ထားသည်။

ကွတ်ခိုင် မြို့နယ် နမ့်ကွတ်ကျေးရွာအနီးတွင်လည်းကောင်း၊ နမ့်ဖလွန်းကျေးရွာနှင့် ရှုခင်းသာကြားတွင် လည်း ကောင်း၊ မန်လွယ်ကျေးရွာနှင့် နမ့်ခိုင်ကျေးရွာကြားတွင်လည်းကောင်း၊ “ရွှေကမ္ဘာအေး” တောင်ပေါ် (ရွှေကမ္ဘာ အေး စေတီလမ်းခွဲ)တွင်လည်းကောင်း၊ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ကွတ်ခိုင်မြို့ ရှိ ခလရ ၂၄၁/၂၄၁ နှင့် လည်းကောင်း၊ နမ့်ဖက်ကာနှင့် နမ့်အွမ်ကြားတွင်လည်းကောင်း၊ လားရှိုးမြို့နယ် “မုန်းယန်း” လားရှိုးအရှေ့ ဘက် တွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းမြောက်ဒေသရှိ နေရာအတော်များများတွင် တပ်မတော်နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA-ကိုးကန့်၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတာ် (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား လျှက်ရှိသည်မှာ ယနေ့အချိန်အထိဖြစ်သည်။