နော်အုန်းလှလွတ်မြောက်ရေး မြန်မာကောင်စစ်ဝန်ရုံးသို့စာပို့

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

၆၉  နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပမှုကြောင့် ဖမ်းဆီးခံရသည့် နော်အုန်းလှ နှင့် ဖမ်းဆီးခံရမှုတွင်ပါဝင်ခဲ့သူအားလုံး အမြန်ဆုံး ပြန်လည်လွတ်ပေးရန်အတွက် ထိုင်းနိုင်ငံရောက် ကရင်တိုင်းရင်းသားများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

ကရင်အမျိုးသမီးအစည်းရုံး ဥက္ကဋ္ဌ နော်အုန်းလှ နှင့် အဖွဲ့ဝင် ၃ ဦးကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့မှုအား ငြိမ်းချမ်းစွာ စုရုံးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၂၀) အရ စက်တင်ဘာလ ၉  ရက်နေ့တွင် အလုံမြို့တယ် မြို့မရဲစခန်းမှ တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကရင့်ခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ သြဂုတ်လ ၁၂ ရက်နေ့သည် ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပလာခဲ့ရာတွင် ယခုနှစ်သည် ၆၉  နှစ်မြောက် ရှိခဲ့ပြီဖြစ်သည်။