မွန်ပြည်နယ် စည်ပင်သာယာကော်မတီ မဖွဲ့စည်းနိုင်သည့်အပေါ် အစိုးရအား မေးခွန်းထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
ဥပဒေ ပြဌာန်းသည်မှာ ၂ နှစ်ကြာပြီ ဖြစ်သော်လည်း မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီကို ယခုထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်း လွတ်တော် ကိုယ်စားလှယ် အချို့က ထောက်ပြခဲ့သည်။
စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းဖွဲ့စည်းရန် နည်းပညာအရသော်လည်းကောင်း ငွေကြေးအရသော်လည်းကောင်း ကူညီပေးမည့်အဖွဲ့အစည်းများရှိသော်လည်း ပြည်နယ်အစိုးရမှ မဖွဲ့စည်းနိုင်သေးသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်တို့က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေကို ၂၀၁၇ ခုနှစ်က အတည်ပြုပြဌာန်းခဲ့ပြီး စည်ပင်ဥပဒေအရ စည်ပင်သာယာရေးကော်မတီများကို မဖြစ်မနေ ရွေးချယ်ဖွဲ့စည်းရန် ပြဌာန်းထားခဲ့သော်လည်း ကော်မတီကို ယနေ့ထိ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။
ကျင်းပလျက်ရှိသည့် (၁၄) ကြိမ်မြောက် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ (၆) လပတ်အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် စည်ပင်ကော်မတီ မဖွဲ့စည်းနိုင်သည့်အပေါ် ကိုယ်စားလှယ်အချို့တို့က ဆွေးနွေး မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
“ကာယကံရှင်က အစိုးရအဖွဲ့ဖြစ်တယ် သူတို့လုပ်မှာလားပေါ့ အဓိကက စည်ပင်ကော်မတီကို ရွေးချယ်ဖို့ကိစ္စက အခုလက်ရှိဆိုရင် မွန်ပြည်နယ်လွှတ်တော်မှာ ကူညီမယ့် အရပ်ဖက်အဖွဲ့အစည်းတွေ အများကြီးရှိတယ် နိုင်ငံတကာအဖွဲ့အစည်းလည်းရှိတယ် ဒီအဖွဲ့အစည်းကနေ နည်းပညာသော်လည်းကောင်း၊ funding သော်လည်းကောင်း ကူညီဖို့ အဆင်သင့်ရှိတယ် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ကူညီနေတဲ့အဖွဲ့တွေလည်း ချိတ်ဆက်လာတာရှိတယ် နည်းပညာရော ငွေကြေးရော ကူညီပေးမယ်လို့ပြောပေမယ့် ဘာကြောင့် မလုပ်သေးတာလဲဆိုတာ ကာယကံရှင်ကိုယ်တိုင်ပဲ သိမှာ” ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။
ဥပဒေအရ လွှတ်တော်က အတည်ပြုပြဌာန်းထားသည့် ဥပဒေကို ပြည်နယ်အစိုးရက မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဖြစ်ပြီး အကောင်အထည်မဖော်နိုင်ပါက ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပျက်ကွက်မှုဟု လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
“လုပ်တော့ လုပ်နေတယ် မပေါ်လွင်သေးရင်တော့ နားလည်ပေးလို့ရတယ် လုံးဝမလုပ်ရင်တော့ ဒါကတော့ အရမ်းသတိထားဖို့ သင့်ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
မေလအတွင်းက ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတုန်းကလည်း စည်ပင်သာယာရေးကော်မတီများမဖွဲ့စည်းနိုင်သေးသည့်အပေါ် ဒေါက်တာအောင်နိုင်ဦးက မေးခွန်း မေးခဲ့သေးသည်။
ထိုစဉ်က ငွေကြေးအခက်အခဲကြောင့် စည်ပင်ကော်မတီကို မဖွဲ့နိုင်သေးခြင်းဖြစ်သည်ဆိုပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖြေဆိုထားခဲ့သည်။
မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေပြဌာန်းချက်အရ စည်ပင်ကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်သည် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြစ်သည့်အတွက် စည်ပင်ကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို မဖြစ်မနေအကောင်အထည်ဖော်ရမည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
စည်ပင်သာယာရေးကော်မတီများ ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်နိုင်ရန် စည်ပင်သာယာရေး ကော်မတီများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကိုလည်း စည်ပင်သာယာရေးဝန်ကြီးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဖြန့်ဝေခဲ့ပြီး ကိုယ်စားလှယ်များ ဝိုင်းဝန်းဆွေးနွေးအကြံပြုချက်များနှင့် အတည်ပြုခဲ့ပြီးလည်း ဖြစ်သည်။