တိုင်းရင်းသား အမည်များရှေ့တွင် လူမျိုးဝိသသများ ဖော်ပြရန် မွန်အစိုးရ သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာ ခေါ်ဆိုမှုများ ထည့်သွင်း ဖော်ပြပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။

တိုင်းရင်းသားလူမျိုးတို့၏ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် ၎င်းတို့၏ နာမဝိသေသလက္ခဏာများဖြစ်သော ဥပမာ ဗမာလူမျိုးဆိုလျှင် ဦး၊ မောင်၊ဒေါ်၊ မ၊ မွန်လူမျိုးဆိုလျှင် နိုင်၊ မင်း၊ မိ၊ ကရင်ဆိုလျှင် စော၊ နန်း၊ နော် စသဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်သည်။

၎င်းပြင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အစရှိသည်တို့တွင် ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများအတွက်လည်း ပြန်လည်ပြင်ဆင်ပေးလျက်ရှိသည်ဟု ဝန်ကြီးက ပြောသည်။

“တိုင်းရင်းသားတွေရဲ့ စရိုက်လက္ခဏာ မပျောက်ပျက်အောင် ထည့်ပေးတယ် ထည့်ပေးဖို့ လည်း ဆောက်ရွက် လျက်ရှိတယ် ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က ထည့်ချင်တဲ့ဟာကို ပြောရမယ် ဒါက မှတ်ပုံမတင် ခင် နောက်တစ်ခုက မှတ်ပုံတင်ထားပြီးပြီ ပြန်လည်ပြင်ဆင်တဲ့နေရာမှာက ဒါက လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စုထိ တင်ရမယ်” ဟု ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။

တိုင်းရင်းသားလူမျိုးများ၏ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် သန်းခေါင်စာရင်း၊ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကဒ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် လူမျိုးနှင့် သက်ဆိုင်သည့် အခေါ်အဝေါ်များ ထည့်သွင်းရေးသား ဖော်ပြပေးရန် အစီအစဉ်ရှိ မရှိနှင့် ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများ ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ်ရှိ မရှိဆိုသည်ကို သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က (၁၄) ကြိမ်မြောက် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးခဲ့သည်။

“ကျောင်းတွေမှာ မှတ်ပုံတင်လုပ်ရင် ခလေးက သူ့ပါသူ စောထည့်ရမလား မောင်ထည့်ရမလား မထည့်ရမလား မသိဘူး၊ ဒါ ကျောင်းတွေမှာ မှတ်ပုံတင်လုပ်တဲ့အခါကျရင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့သဘောသဘာဝ ဒီလိုအဖြစ်အပျက်မျိုးတွေက အများကြီးရှိနေတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

တိုင်းရင်းသားလူမျိုးများသည် အမည်နာရှေ့တွင် ၎င်းတို့၏ လူမျိုးဝိသေသလက္ခဏာများကိုသာ ထည့်သွင်းဖော်ပြပေးရန် ဆန္ဒရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်သည့်အခါတွင် ၎င်းတို့၏ အမည်နာမရှေ့တွင် ဦး၊ မောင်၊ ဒေါ်၊ မ တို့ကိုသာ ထည့်သွင်းခံနေရသည်။

“မှတ်ပုံတင်တွေ လုပ်တဲ့အခါကျတော့ အားလုံး ဗမာ/ဗုဒ္ဓတွေပဲဖြစ်နေတယ် ကရင်လည်း ဗမာ/ဗုဒ္ဓ ပအိုဝ်းလည်း ဗမာ/ဗုဒ္ဓ ဖြစ်နေတယ်၊ တိုင်းရင်းသားတွေက ပအိုဝ်းဆိုရင်လည်း ပအိုဝ်း/ဗုဒ္ဓ ကရင်ဆိုရင် ကရင် ဗုဒ္ဓ အဲလိုထည့်ချင်တယ် ဒါတွေကို တောင်းဆိုကြတာပေါ့ တိုင်းရင်းသားတွေ သူတို့ရဲ့ ဝိဒေသလက္ခဏာဖြစ်တဲ့ ကရင်ဆိုရင် စော၊ နန်း သို့မဟုတ် နော် ပအိုဝ်းဆိုရင် ခွန်၊ နန်း ထည့်ချင်တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။

ဗမာမဟုတ်သော အခြားလူမျိုးများ၏ အမည်ရှေ့၌ ဦး၊ မောင်၊ ဒေါ်၊ မ ထည့်သွင်းရေးသားနေခြင်းနှင့် ပတ်သက်ပြီး ဒေသတွင်း သက်ဆိုင်ရာလူမျိုးတို့၏ အဂါၤလက္ခဏာ အမည်နာမဝိသေသန ခေါ်ဆိုခြင်းများ မပပျောက်စေရန် အိမ်ထောင်စုစာရင်း မှတ်ပုံတင်များ အစရှိသည့် မှတ်တမ်းမှတ်ရာများ မိမိလူမျိုးများ၏ အမည် နာမဝိသေသနများ ထည့်သွင်းကြရန် ဝင်းရေးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာလ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ခံသည့်နေရာတွင်တော့ ကျား/မ ခွဲခြားနိုင်ရန်အတွက် နည်းပညာပိုင်းအရဆိုသည့် အကြောင်းပြချက်နှင့် တိုင်းရင်းသားများ အမည်ရှေ့တွင် ဦး၊ မောင်၊ ဒေါ်၊ မ ထည့်သွင်းကောက်ခံလျက်ရှိနေသည်။