မူးယစ်ဆေးသုံးသူများ သက်ငယ် မုဒိန်းကျူးလွန်ဟု ကလေး အခွင့်အရေး ကော်မတီ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ၂၆ ရက်။
မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိန်း ကျူးလွန်သူများသည် မူးယစ်ဆေးဝါး သုံးစွဲခဲ့သူများဖြစ်သည်ကို တွေ့ရှိ ရသည်ဟု မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီ ဥက္ကဌ က ပြောသည်။
သက်ငယ်မုဒိန်းကျူးလွန်ခံရသူများသည် အသက် ၇ နှစ်နှင့် ၁၄ နှစ်ကြား အများဆုံးဖြစ်ပြီး ကျူးလွန်သူ အများစု မှာ ရင်းနှီးသည့် မိသားစုဝင်များ ဖြစ်နေသည်ကိုလည်း ထူးခြားစွာ တွေ့ရှိရသည်ဟု မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ က ပြောသည်။
“ဘာကြောင့်ဖြစ်သလဲ ဘာကြောင့် ကျူးလွန်သူတွေက မိသားစုဝင်တွေဖြစ်နေတာလဲဆိုတာကို ပြန်ခြေရာ ကောက်ကြည့်တဲ့အခါမှာ မူးယစ်ဆေးဝါးကို အခြေခံတယ်ဆိုတာကိုလည်း ထူးထူးခြားခြား တွေ့မြင်ရပါတယ်။ ပုံမှန်စိတ်အခြေအနေမရှိပဲ မူးယစ်ဆေးဝါးသုံးစွဲခဲ့ခြင်းကြောင့် ဒီလိုပြစ်မှုကို ကျူးလွန်တာကို တွေ့မြင်ရပါတယ်။”
မွန်ပြည်နယ်အတွင်း၌ ၂၀၁၈ ခုနှစ်က သက်ငယ်မုဒိန်း ၃၅ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သက်ငယ်မုဒိန်း ၄၁ မှုထိ ဖြစ်ပွားမှုတိုးလာသည်ဟု မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီ၏ စာရင်းဇယားများ၊ မှတ်တမ်းများအရ သိရသည်။
ယခုကဲ့သို့ သက်ငယ်မုဒိန်းမှု တိုးလာခြင်းနှင့် ပတ်သက်၍လည်း ဒေါ်ခိုင်ခိုင်လဲ့ က “တစ်နှစ်ထက်တစ်နှစ် (သက် ငယ်မုဒိန်း) တိုးလာခြင်းကလည်း တစ်ဘက်ကကြည့်မယ်ဆိုရင် ဒီလိုမျိုးအမှုတွေက အရင်တုန်းက သက်ဆိုင်ရာ တရားစီ ရင်ရေး၊ အရပ်ဘက်အဖွဲ့အစည်းဆီကို ရောက်မလာပဲနဲ့ ပျောက်သွားတာများပါတယ်။ အခုနောက်ပိုင်း ပွင့်လင်း မြင်သာလာတဲ့အခြေအနေကြောင့် ဥပဒေအရ အရေးယူနိုင်တဲ့အခြေအနေကို ရောက်ရှိလာပါတယ်။ ဒါကြောင့်မို့လို့ အမှုတွေကို ဖော်ထုတ်နိုင်တယ်လို့ တွေးကြည့်လို့ရတယ်။ တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေ တဖြည်းဖြည်း ရိုက်ခတ်လာတယ်လို့ ထင်လို့ မြင်လို့ တွေးတောလို့ ရပါတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နေပြည်တော်က Wisdom ပုဂ္ဂလိက မူကြို ကိုယ်ပိုင်ကျောင်းက ဗစ်တိုးရီးယား ဟု အမည်ပေးထားသည့် သုံးနှစ်အရွယ် ကလေးငယ်လေးတစ်ဦး၏ လိင်အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ လုပ် ထုံးလုပ်နည်းနှင့် မညီခြင်း၊ တာဝန်မကျေခဲ့သူများကို အရေးယူဖို့ နိုင်ငံတော် သမ္မတက ညွန်ကြားထားသည် ဟု ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။
သက်ငယ်မုဒိန်းမှုများ လျှော့ချနိုင်ရေး မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင် ရာ ကော်မတီမှ ဦးဆောင်ပြီး ကလေးများကို ခန္ဓာကိုယ်ကာကွယ်တားဆီးသည့် အသိပညာပေးမှုကိုလည်း ပြု လုပ်လျက်ရှိသည်ဟု သိရသည်။
ပြည်နယ်အတွင်း အဖြစ်များလာနေသည့် သက်ငယ်မုဒိန်းနှင့် ပတ်သက်ပြီး ကလေးများကိုယ်တိုင် မိမိခန္ဓာ ကိုယ်ကို မည်ကဲ့သို့ကာကွယ်ရမည်နည်း၊ ကြုံတွေ့လာလျှင် မည်သို့ ပြန်လည် တုန့်ပြန်ရမည် ဆိုသည့်အသိကို သိရှိထားနိုင်ရန်ရေး ရည်ရွယ်ကာ အသိပညာပေးမှုအစီအစဉ်များကို လုပ်ဆောင်နေသည်ဟု မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီက ပြောသည်။
သက်ငယ်မုဒိန်းဖြစ်ပွားမှု လျှော့ကျစေရေး ရည်ရွယ်ပြီး “ကလေးတို့အန္တရာယ် ကင်းစေဖို့ အသိပညာပေး ကာ ကွယ်စို့” ဟူ သည့်ခေါင်းစဉ်နှင့်လည်း ကလေး၊ မိဘနှင့် ကျောင်းဆရာ/ဆရာများ ပူးပေါင်းပါဝင်ပြီး ကော်တီက ဦးဆောင်၍ အသိပညာပေးအစီအစဉ်များကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များက ကျောင်းများတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် လုပ်ဆောင်ခဲ့သည်။