ရွှေ့ပြောင်းသူများ မဲပေးခွင့်ကို တိုင်းရင်းသား ပါတီများ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်။

လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရောက်သူများအနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက် မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်ကိစ္စကို တိုင်းရင်းသား ပါတီ များ က ကန့်ကွက်ကြသည်။

ရက်ပေါင်း ၉၀ ကျော်နေထိုင်သည်ဆိုရုံဖြင့် အဆိုပါဒေသ၏ကိုယ်စားလှယ်အား ရွေးချယ်မဲပေးခွင့်ရရှိခြင်းသည် မူရင်းဒေသခံများ၏ ဆန္ဒသဘောထားများအပေါ် များစွာထိခိုက်စေသည့်အပြင် မူလဒေသခံများ၏ ဆန္ဒကို ဝင် ရောက်စွက်ဖက်နိုင်ခွင့် ပေးလိုက်သကဲ့သို့ဖြစ်စေသည်ဟု တိုင်းရင်းသား ၁၄ ပါတီက ပြောထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က “တိုင်းရင်းသားဒေသမှာ ရက်ပေါင်း ၉၀ အနေ စာ ရင်းပြပြီးတော့ သူတို့ကို မဲပေးခွင့်ပေးလိုက်မယ်ဆိုရင် အဲဒီ ဒေသမှာ အမြဲနေတဲ့တိုင်းရင်းသားတွေရဲ့ ရပိုင် ခွင့်ပေါ့ဗျာ။ အဲ့လိုမျိုး မဖြစ်အောင် ကျနော်တို့က ကန့်ကွက်တာ” ဟု ပြောသည်။

အဆိုပါ ရက်ပေါင်း ၉၀ ကိစ္စကို ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသား ပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသားဒီမိုရေစီပါတီ စသည့် တိုင်းရင်းသားပါတီ ၁၄ ပါတီတို့က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကြေညာချက်ထုတ် ကန့်ကွက်ထားသည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက် မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မဲခွဲအတည်ပြုလိုက်သည်။

၎င်းအပြင် ရွေးကောက်ပွဲ တရားမျှတမှုအတွက် ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို စိုရိမ်းသည် ဟု လည်း တိုင်းရင်းသားပါတီ ၁၄ ခုတို့က ကြေညာချက်တွင် ပြောဆိုထားသည်။

တိုင်းရင်းသားပါတီများ ကန့်ကွက်နေသည့်ကြား၌ပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်နိုင်ငံ ရေးပါတီတို့နှင့် တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းမရှိပဲ ရွေးကောက်ပွဲနည်းဥပဒေကို ပြင်ဆင်ကာ လွှတ် တော်ကိုတင်လိုက်ခြင်းသည် တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောသက်ရောက်နေသည်ဟု မွန်ညီ ညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က ပြောသည်။

“အမှန်မှာ ဥပဒေတစ်ခုပြင်မယ်ဆိုရင် တရားဝင်နိုင်ငံရေးပါတီတွေအားလုံးကို ညှိနှိုင်းဖို့သင့်တာပေါ့နော်။ မေးဖို့ သင့်တယ်။ ဒါကိုမလုပ်ပဲနဲ့ လွှတ်တော်ကို တင်လိုက်တယ် လွှတ်တော်ကအတည်ပြုလိုက်တယ်။ ဒါဘယ်လို ဖြစ် လဲဆိုတော့ တိုင်းရင်းသားပါတီအပေါ်မှာ ဂရုမစိုက်တဲ့သဘောပေါ့ဗျာ ဘယ်သူပဲတင်တင် သူတို့လုပ်မယ်ဆို လုပ် သွားတဲ့သဘော သက်ရောက်နေတဲ့အခါကျတော့ တိုင်းရင်းသားပါတီတွေအားလုံးက ဘယ်သူမှ လက်မခံနိုင် ဘူး။”

မွန်ညီညွတ်ရေးပါတီအနေနှင့်လည်း မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် ရွေး ကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀) ပါအတိုင်း ဆန္ဒမဲပေးခွင့်ပြုပါက ရွေးကောက်ပွဲရလာဒ်ကို အပြောင်းအလဲ ဖြစ် စေသောကြောင့် ရွေးကောက်ခံကိုယ်စားလှယ်၏ စစ်မှန်သော ကိုယ်စားပြုမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ မည်ဟု ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ကြေညာချက်ထုတ် ကန့်ကွက်ထားသည်။

၎င်းအပြင် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀) ပါအတိုင်း ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ရွေးကောက်ပွဲ ၏ လွတ်လပ်တရားမျှတမှုကိုလည်း ထိပါးရာရောက်သည်ဟု ယူဆကြောင်းလည်း မွန်ညီညွတ်ရေးပါတီက ထုတ်ပြန် ပြောဆိုထားသည်။