ဦးဆောင်မှုတွင် မွန်အမျိုးသမီးများ ပါဝင်မှု နည်းနေသေးကြောင်း မွန် အဖွဲ့များ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်။

ဦးဆောင်ဆုံးဖြတ်သည့် အခန်းကဏ္ဍတွင် မွန်အမျိုးသမီးများ ပါဝင်မှုနည်းပါးနေခြင်းမှာ ဓလေ့ထုံးတမ်းစဉ်လာ များနှင့် အမျိုးသမီးများ၏ စွမ်းရည်လိုအပ်ချက်တို့ကြောင့် ဖြစ်ကြောင်း မွန်အမျိုးသမီး ခေါင်းဆောင်များ က ပြော သည်။

မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုး က “အမျိုးသမီးတွေရဲ့ စွမ်းရည်ပေါ့ မြှင့်တင်တာတွေရှိမယ်။ နောက် နေရာ ပေါ့ နေရာပေးမှုပေါ့ အစဉ်တစိုက်က ဓလေ့ထုံးတမ်းတွေရှိခဲ့တဲ့အတွက် အမျိုးသမီးနဲ့ အမျိုးသားရဲ့ ပါဝင်မှုက အရမ်းကွာဟခဲ့တယ်။ အမျိုးသမီး ခေါင်းဆောင်မှုနေရာမှာ လိုအပ်လာခဲ့တယ်” ဟု ပြောသည်။

လက်ရှိအနေအထားအရ ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချသည့်ကဏ္ဍများတွင် မွန်အမျိုးသမီးပါဝင်မှု သည် အလွန်နည်းပါးနေသေးသည့် အနေအထားရှိနေသည်ဟု (၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မိကွန်းချမ်းနွန် က ပြောသည်။

“ကျမတို့ မွန်ထဲမှာဆို မွန်ညီညွတ်ရေးပါတီမှာ ဦးဆောင်ကော်မတီ ၆၁ ယောက်ရှိတဲ့အထဲမှာ အမျိုးသမီး ၈ ယောက်ပါတယ်။ ရာခိုင်နှုန်းက ၁၃ ရာခိုင်နှုန်း မွန်ပြည်သစ်ပါတီကိုကြည့်လိုက်မယ်ဆိုရင် ဗဟိုကော်မတီ ၃၁ ဦးမှာဆိုရင် အမျိုးသမီး ၂ ဦးပဲပါတယ်။ ဆိုတော့ ရာခိုင်နှုန်းကိုထွက်လိုက်ရင် ရာခိုင်နှုန်းနည်းနည်းလေးပဲ ပါတယ်။ ကျမတို့အနေနဲ့ကတော့ အခုလက်ရှိ ပါဝင်နေတဲ့အခြေအနေအပေါ် အားရကျေနပ်မှုမရှိသေးပါဘူး။ ဒီ့ထက်ပိုမိုပါဝင်လာဖို့အတွက် နည်းမျိုးစုံနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်ဖို့ လိုနေတယ်” ဟု မိကွန်းချမ်းနွန် က ပြောသည်။

မွန်ပါတီများ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီအနေဖြင့်လည်း အမျိုးသမီးပါဝင်မှုနှင့် ပတ်သက်၍ လမ်းဖွင့်ပေးထားကြောင်း အမျိုးသမီးများ ကိုယ်တိုင်ကလည်း ပါဝင်လာနိုင်အောင် ကြိုးပမ်းကြဖို့လိုသည်ဟု ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။

“ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍမှာ အမျိုးသမီးတွေ တောင်းဆိုနေတဲ့ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးဟာ မွန်ညီညွတ်ရေး ပါတီအနေနဲ့က လမ်းဖွင့်ပေး ထားတယ်ဆိုပေမယ့် လမ်းဖွင့်ပေးထားရုံနဲ့လည်း မရဘူး အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍမှာ များများပါဝင်လာဖို့ဆိုရင် အမျိုးသမီးတွေကိုယ်တိုင် ကြိုးပမ်းဖို့လည်း တာဝန်ရှိပါ တယ်။ ဒါကိုလည်း မမေ့ဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

ထို့အပြင် ယနေ့ခေတ်ကာလနှင့် မလျော်ညီတော့သည့် အတိက်က ထုံးတမ်းအစဉ်အလာများနှင့် ကျား/မ တန်းတူရေးအတွက် အတားအဆီးဖြစ်စေသည့် ထုံးတမ်းအစဉ်အလာများကိုလည်း အမျိုးသမီးများကိုယ်တိုင်က ပယ်ဖျက်ရန်လိုအပ်သည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လရီတမက တိုက်တွန်း ပြောဆိုသည်။

ထိုအခြေအနေများကြောင့် ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍများတွင် အမျိုးသမီးများ ပိုမို ပါဝင် လာကြရန် (၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ကနေ တိုက်တွန်းနှိုးဆော်လိုက်သည်။

တပေါင်းလဆန်း ၁၂ ရက်နေ့ (မတ်လ ၅ ရက်) ယနေ့တွင် ကျရောက်သည့် မွန်အမျိုးသမီးများနေ့ အထိမ်း အမှတ် အခမ်းအနားကို မော်လမြိုင်မြို့ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မွန်အမျိုသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်၊ မွန်အမျိုးသမီးအဖွဲ့ အစည်းများ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်လူမှုအဖွဲ့အစည်းအသီးသီးတို့က တက်ရောက်ခဲ့ ကြသည်။

မွန်ဘုရာမ ရှင်စောပု၏ မွေးနေ့ဖြစ်သည့် တပေါင်းလဆန်း (၁၂) ရက်နေ့ကို မွန်အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်ပလာခဲ့သည်မှာ ယခုဆိုလျှင် ၁၆ ကြိမ်မြောက်ရှိပြီဖြစ်သည်။