မူးယစ်ဆေး ဖျက်ဆီးစဉ် တအာင်းတပ်နှင့် ပြည်သူ့စစ် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းခင်းများအား ဝင်ရောက်ဖျက်ဆီးရာမှ တိုက်ပွဲ ဖြစ် ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိသည့်အပြင် မူးယစ်ဆေးဝါးများလည်း ဖမ်းဆီးရမိခဲ့ သည် ဟု PSLF/TNLA က ပြောသည်။

မတ်လ ၁၅ ရက်နေ့က တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) အနေဖြင့် ပန်းဆေး ပြည်သူ့စစ်နယ်မြေအတွင်း ဘိန်းခင်းများအား သွားရောက်ဖျက်ဆီးရာ PSLF/TNLA နှင့် ပန်းဆေးပြည်သူ့ စစ်အဖွဲ့ အပြင် တပ်မတော်တို့နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ကျနော်တို့ အဖွ့ဲက မူးယစ်ဆေးဝါးတွေသွားဖျက်တယ်။ ဘိန်းခင်းသွားဖျက်တဲ့အချိန်ကျတော့ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့နဲ့ တပ်ဖက်က စကခ ၇၊ ခလရ ၂၀၂ တို့က ကျနော်တို့ကို လက်နက်ကြီး လက်နက်ငယ်နဲ့ စပစ်ခတ်တဲ့အချိန် ကျနော်တို့ကလည်း ပြန်လည်ပစ်ခတ်တော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားတာဖြစ်တယ်။” ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။ “ဒီနေ့ တိုက်ပွဲဖြစ်နေတဲ့အချိန် နမ့်ဖက်ကာတပ် ခလရ ၁၂၃ ပေါ့ နောက်ထပ် နမ့်ခမ်း၊ မန်တပ် ရေအားလျှပ်စစ်နားက တပ်စခန်းလည်း လက်နက်ကြီးပစ်ကူတွေ ပစ်တယ်” ဟု ဆက်ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့များဘက်မှ တပ်မတော်ဘက်က ဝင်ရောက်ပစ်ကူမှုများ ပြုလုပ် ခဲ့သည်ဟုလည်း PSLF/TNLA ဘက်က စွပ်စွဲပြောဆိုထားသည်။ သို့သော်လည်း ယင်း စွပ်စွဲပြောဆိုချက် နှင့်ပတ်သက်၍ တပ်မတော် သတင်းပြန်ကြားရေးတာဝန်ရှိသူများအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ ပေ။

တိုက်ပွဲမှာ နံနက်ပိုင်း ၆ နာရီ အချိန်ခန့်မှ မွန်းလွှဲ ၂း၃၀ နာရီအချိန်ခန့်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည် ဟု ပြောသည်။

“ဘိန်းခင်း ၁၀ ဧက ဝန်းကျင်လောက် ကျနော်တို့ ဖျက်ဆီးနိုင်တယ်။ ကျနော်တို့ တိုက်ပွဲဖြစ်ပြီး မှ ပြည်သူ့ စစ်စခန်းတွေ ဝင်ရောက် ရှင်းလင်းတဲ့အချိန်မှာလည်း ဘိန်းမည်းက ၂၁၆ ပိဿာ၊ ရာမဆေးပြား ၄၀၀၀၀ လောက် ရရှိတယ်။ နောက်ထပ် သူတို့အသုံးပြုတဲ့ လက်နက်မျိုးစုံပေါ့ ၂၄ လက် နဲ့ ကျည်မျိုးစုံ၊ စစ်ဝတ် တန်ဆာပစ္စည်းတွေ လည်း အကုန်လုံး ဖမ်းဆီးရမိတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်လည်း ၈ ဦး အရှင်ဖမ်းမိ တယ်။ အဲ့မှာ သူတို့တပ်ဖွဲ့ ဝင် တစ်ဦးသေဆုံးနေတဲ့အတွက် အလောင်း တစ်လောင်းတွေ့တယ်။ ကျနော် တို့ဘက်မှာတော့ ၃ ဦး ဒဏ်ရာ ရတယ်။”

နမ့်ခမ်းဒေသခံ ဦးဇော်ရော် ကလည်း “ကျနော်တို့ နမ့်ခမ်းမှာတော့ အေးဆေးပါပဲ။ ဒီ ပန်းဆေးကုန်း ဘက် ပေါ့နော်၊ တရုတ်ကုန်းပေါ့၊ အဲ့ဘက်မှာ ဘိန်းစိုက်တဲ့နေရာတွေရှိတယ်။ အဲ့ဒီမှာ ပစ်ခတ်ကြတာပါ။ ပလောင် (တအာင်း)တပ်တွေနဲ့ ပြည်သူ့စစ်တွေနဲ့ ပစ်ခတ်ကြတာတော့ရှိတယ်။ အဲ့မှာ ပစ်ခတ်ကြတော့ ရှိတယ်လေ။ အဲ့က ရွာသားတွေတော့ စစ်ဖြစ်တော့ ခနစစ်ဘေးရှောင်တာတော့ရှိတယ်။ အဲ့နားလေးတဝှိုက်ပဲပေါ့ ခန ရှောင်ကြတာ။ အဲ့လိုပစ်ကြတာ ပြီးသွားတော့လည်း အိမ်ပြန် ရွာပြန်ကြတာပေါ့။ အခုတော့ အေးဆေး ပြန် ဖြစ်သွားပါပြီ” ဟု ပြောသည်။

နမ့်ခမ်းမြို့နယ် အတွင်းရှိ တာတွန့်၊ ပန်းဆေး၊ ဆာတိုင်၊ မန်ပန်နှင့် ပါဆိုင်း ကျေးရွာများ အနီးတဝိုက်တွင် မတ်လ ၁၅ ရက်နေ့က ၈ နာရီခန့်အကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

PSLF/TNLA အနေဖြင့် ယခု တိုက်ပွဲဖြစ်ပွားသည့် ဒေသအတွင်း နှစ်စဉ် ဘိန်းခင်းများ ဝင်ရောက် ဖျက်ဆီး မှုများ ပြုလုပ်လျှက်ရှိကြောင်းနှင့် ထိုသို့ ဘိန်းခင်းများ ဝင်ရောက်ဖျက်ဆီးတိုင်း ယခုကဲ့သို့ ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

PSLF/TNLA သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်လာခဲ့ရာ ၂၀၁၇ ခုနှစ်မှ စတင်၍ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမအနောက်ဘက်ခြမ်းဒေသများတွင် ပန်းဆေး ဒေသမှလွဲ၍ ကျန်နေရာများတွင် မူးယစ်ဆေးဝါးဘိန်းခင်း စိုက်ပျိုးမှုများ မရှိတော့ကြောင်းလည်း ဆိုသည်။