ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးအခြေအနေတွင် တစ်နိုင်ငံလုံး အပစ်ရပ်ပေးရန် KNU တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၂၆ ရက်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က လက်ရှိ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုကို ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ အဖြစ် သတ်မှတ်ပြီးနောက်မှာ ယင်းကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရန်တွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ်ပေးရန် ကရင်အမျိုးသား အစည်းအရုံး KNU က အစိုးရနှင့် တပ်မတော်ကို တောင်းဆို လိုက်သည်။

တစ်စုံတစ်ရာ ကန့်သတ်ချက်မထားပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။

“ကျနော်တို့ ဒီမှာလည်း IDPs တွေ ရှိနေတုန်းပဲ ရှမ်းမြောက်မှာလည်း ရှိတယ်။ ရခိုင်ဖက်မှာလည်း ရှိတယ်။ ဆိုတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက် အတိုင်းပေါ့နော်။ နှိုးဆော်ချက်အတိုင်း စစ်တပ်နဲ့ အစိုးရ အနေနဲ့ တစ်နိုင်ငံ လုံး အပစ်ရပ်စဲရေးကို ကျနော်တို့ ဒီ ကြိုတင်ကန့်သတ်ချက်မရှိပဲနဲ့ ကြေငြာလိုက်ခြင်းအားဖြင့် ကျနော်တို့ ဒီ IDPs တွေပေါ့နော်” ဟု ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အတူတကွ ပါဝင်ကြရန် ပြောကြား သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ၏ မေတ္တာရပ် ခံချက်ကို KNU ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် လှိုက်လှိုက်လဲလဲ ကြိုဆိုသည်ဟု KNU ကဆိုသည်။

“ပြည်တွင်းနေရပ် စွန့်ခွာ တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေ အတွက်လည်း ပိုပြီးတော့ သက်သက်သာသာ ဖြစ်လာပြီးတော့ ဒီမလိုအပ်တဲ့ ဒီတိုက်တာ ခိုက်တာဆိုတဲ့ ဒီလုပ်ဆောင် ချက်တွေကိုလည်း ကျနော်တို့ လူသား အချင်းချင်း ဒီကပ်ဆိုးကို ကာကွယ်ဖို့အတွက် အထောက်အကူပေးတဲ့ နေရာမှာ ပြန်လည်အသုံးပြုနိုင်မယ်ဆို ရင် ပိုပြီးတော့ သင့်တော်မယ်ဆိုတဲ့ အခြေခံကိုလည်း ကျနော်တို့ ပြောချင်တာ ဖြစ်ပါတယ်။”

မတ်လ ၂၆ ရက် KNU ၏ ထုတ်ပြန်ချက်ထဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်ခြင်းအားဖြင့် အကာအကွယ်မဲ့ ဘ၀ အခြေအနေတွင် ရောက်ရှိနေကြသည့် ပြည်တွင်း ပဋိပက္ခဒေသ အသီးသီးရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ယင်းတို့ကို အထူးတာဝန်ယူ နေရသည့် အဖွဲ့အစည်းများသည်လည်း ဗိုင်းရပ်စ်ပိုးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းတွင် ပါဝင်လာ နိုင် မည် ဖြစ်သည်ဟု ပါရှိသည်။

ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း ကြိုတင်ကန့်သတ်ချက်မထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေးကို ပြုလုပ်ရန်အတွက် အစိုးရနှင့် တပ်မတော်တို့အား တောင်းဆိုလိုက်ပါသည်ဟု ထုတ်ပြန်ချက်ထဲ တွင် တောင်းဆိုထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်လိုက်ခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါကို တွန်းလှန်နိုင်မည့် အခွင့်အရေးအပြင် အားလုံးပါဝင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေနိုင်သည် ဟု ပဒိုစောတာဒိုမူးက ပြောသည်။

“နောက်ပြီးတော့ နိုင်ငံရေးအရလည်း အမျိုးသား ပြန်လည်သင့် မြတ်ရေး ဆိုင်ရာ အတွေးအခေါ် အယူအဆတွေ ပိုပြီးတော့ ခိုင်မာလာမယ် အဲတော့ ဒါတွေက ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ပေး မှာ ဖြစ်ပါတယ်ခင်ဗျာ။”

ထို့သို့ ပြုလုပ်ခြင်အားဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် ကြီးမားသည့် တန်ဖိုးမဖြတ်နိုင် သော ထောက်ကူပံ့ပိုးမှုများ ဆောင်ကျဉ်းပေး လာမည်ဖြစ်ပါသည်ဟု KNU ကဆိုသည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID 19) သည် ကမ္ဘာတစ်ဝန်း ကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားလျက်ရှိသည်။

အစိုးရအနေဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နေ သကဲ့သို့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ၎င်းတို့ ထိန်းချုပ်ရာ ဒေသများတွင် ရောဂါ ကာကွယ် တားဆီးရေး အတွက် အရှိန်မြင့် လုပ်ဆောင်လာနေကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်လည်း ကူးစက်ခံထားရသည့် လူနာ ၃ ဦး ရှိပြီး ဓာတ်ခွဲ ခန်းအဖြေ စောင့်ဆိုင်းဆဲ လူနာ ၂၀ ဦးတို့အား သက်ဆိုင်ရာ ဆေးရုံတွင် စောင့်ဆိုင်းကုသပေး လျက်ရှိ သည်ဟု သိရသည်။