တရုတ်နယ်စပ် အဝင်အထွက် ကန့်သတ်လိုက်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၂၉ ရက်။

တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင် အဝင် အထွက်ကို တရုတ်အစိုးရဖက်မှ ကန့်သတ်လိုက်ပြီး ရှမ်းမြောက်မှတ်ပုံတင် ကိုင်ဆောင်သူများကိုသာ ဝင်ခွင့်ပြုတော့သည်ဟု မူဆယ် ဂရုဏာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဂရုဏာ လူမှုကူညီရေးအသင်း မူဆယ်မြို့ ဥက္ကဌ ဦးသောင်းထွန်းက “၁၃ မျဉ်းစောင်းပေါ့နော်။ ရှမ်းမြောက်တွေ ကိုတော့ ပေးဝင်တယ်။ မန္တလေးတို့ ရန်ကုန်တို့ မှတ်ပုံတင်နံပါတ်တွေကို ဒီနေ့ညနေ နေ့လည် ၂ နာရီကနေ စပြီး တော့ ပေးမဝင်တော့ဘူးဖြစ်သွားတာဗျာ။ တခြားပြည်နယ်နဲ့ တိုင်းတွေကိုတော့ ပိတ်တယ်လို့ပဲ ပြောရမှာပဲ သူတို့က ၁၃ မျဉ်းစောင်းတွေပဲ ပေးဝင်တာပေါ့နော်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် Covid – 19 ရောဂါပိုးကူးစက်ခံ လူနာရှိသည့် ဒေသများမှ လူများအပေါ် နယ်စပ် အဝင် အထွက်ကို တရုတ်အစိုးရဖက်မှ မတ်လ ၂၉ ရက်နေ့ တွင် ကန့်သတ်လိုက် ခြင်းဖြစ်သည်ဟု ဂရုဏာ လူမှုကူညီရေး အသင်း မူဆယ် မြို့ ဥက္ကဌ ဦးသောင်းထွန်းက ဆက်ပြောသည်။

“ဥပမာ ရန်ကုန်တိုင်းဆိုရင် ရောဂါပိုးတွေ့ရှိတဲ့အတွက် ရန်ကုန်တိုင်းကို ပေးမဝင်ဘူး နောက်တစ်ခါ မန္တလေး ၉ မျဉ်းစောင်းဆိုတော့ ၉ မျဉ်းစောင်းတွေကို ပေးမဝင်ဘူး။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတော့ ၉ မျဉ်းစောင်း တို့ ၁၄ မျဉ်းစောင်းတို့က ရောဂါပိုးရှိတယ်ဆိုတော့ တရုတ်က အဲဒါကို အဝင်မခံတာပေါ့နော်။”

လက်ရှိတွင် နှစ်နိုင်ငံတာဝန်ရှိသူများမှ နယ်စပ်အဝင်အထွက် ကိစ္စရပ်များကို ညှိနှိုင်းနေပြီး အချိန်မည်မျှ လူအ ဝင်အထွက် ကန့်သတ်မည်ကို မသိရသေးကြောင်း မူဆယ် ဂရုဏာ လူမှုကူညီရေးအသင်းက ဆိုသည်။

ရွှေလီမြို့ တွင် အလုပ်လုပ်ကိုင်နေသည့် မဘောက် က လည်း “ဒီနေ့ပဲ စပိတ်လိုက်တာ။ ၁၃ မျဉ်းစောင်းက လွှဲ လို့ ကျန်တဲ့လူတွေ ဝင်လို့မရတော့ဘူး။ ဂိတ် ၃ ဂိတ်လုံးကပိတ်သွားပြီ။ ကျန်တဲ့ မျဉ်းစောင်းတွေက ဝင်လို့မရ တော့ဘူး။ အခုက ဝင်ခွင့်ပေးထားတဲ့လူတွေက အလုပ်ပြန်လာလုပ်ရင် ပြန်လာရင်လည်း quarantine လုပ်ရမယ်တဲ့။ လွယ်ကျယ်ကပဲ လာလာ ဘယ်ကပဲဝင်ဝင်ပေါ့ quarantine လုပ်ရ မယ်တဲ့။ ဂိတ်တွေ ပိတ် တာလည်း ဘယ်နေ့အထိပိတ်မယ်ဆိုတာတော့ မသိပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ နယ်စပ် လူအဝင်အထွက်ကို တရုတ်အစိုးရဖက်မှ ကန့်သတ်လိုက်သည့်အတွက် မြန်မာနိုင်ငံ ဒေသ အသီးသီးမှ လာရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရ သည်ဟု ဦးသောင်းထွန်းက ပြောသည်။

“ကျနော်တို့ မြန်မာပြည်အနှံက အလုပ်လာလုပ်နေကြတာတွေက မူဆယ်၊ တရုတ်ပြည် ရွှေလီ ကျယ်ဂေါင် မန် စီ ပေါ့နော်။ တရုတ်ပြည်အနှံ့မှာ မြန်မာပြည်အနှံ့က လူတွေက အလုပ်လုပ်နေကြတာဗျ။ သွားအလုပ်လုပ်နေကြ တာဗျာ။ ဒီလိုပိတ်လိုက်ခြင်းအားဖြင့် သွားအလုပ်လုပ်နေတဲ့ သူတွေက တစ်ဖက်က လဝက ဥပဒေအရ တစ် ပတ်တစ်ခါ တံဆိပ်တုံးလာထုရတယ်လေ။ စာအုပ်မှာ ဝင်ထွက်ပေါက်မှာ တံဆိပ်တုံးလာထုရတဲ့အခါ ကျနော်တို့ လူမျိုးတွေက တံဆိပ်တုံးလာထုတယ် ထုတဲ့အခါ ပြန်ဝင်လို့ ဝင်မရဘူးဖြစ်သွားပြီလေ။ ဝင်မရဘူးဖြစ်သွားတော့ ကျနော်တို့ လူမျိုးတွေ ဒုက္ခရောက်တာပေါ့။”

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။ တရုတ်က သူ၏ နိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်မှုရလာနေပြီး နိုင်ငံခြားသားများ၏ အဝင်အထွက်ကို တင်းကြပ်ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 ကူးစက်ခံထားရသူ ၈ ဦးရှိနေပြီး ချင်းပြည် နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးက ဆေး ရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၃) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက် ရှိ သော လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦး အား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေး လျက်ရှိပါသည်ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန မှ ထုတ်ပြန်ထားသည်။