လိုင်ဇာ သံသယလူနာ ပိုးမတွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်။
ကချင်လွတ်လပ်ရေးအဖွ့ဲ KIO ဌာနချုပ် လိုင်ဇာရှိ ကိုရိုနာ အဆုတ်ရောင်ရောဂါ သံသယလူနာအား ဓါတ်ခွဲ ဆေးစစ်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ရောဂါပိုး မတွေ့ကြောင်း KIO နယ်မြေ တွင် ဖွဲ့စည်းထားသည့် Covid-19 ရောဂါတားဆီးနှိမ်နင်းရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
ကော်မတီ ၏ ဧပြီလ ၁၄ ရက်နေ့ (ယနေ့) ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ထဲတွင် “လိုင်ဇာမြို့ရှိ Covid-19 သံသယလူနာ တစ်ဦးနှင့်အတူ အခြား (၈) ဦး၊ စုစုပေါင်း (၉) ဦး တိ့ုအား ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ညတွင် သွေးနမူနာထုတ်ယူ၍ ဓါတ်ခွဲ စစ်ဆေးခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့ ဓါတ်ခွဲစစ်ဆေးချက် အဖြေအရ သံသယလူနာ အားလုံးမှာ Covid-19 ရောဂါ မရှိကြောင်း ထုတ်ပြန် အပ်ပါသည်” ဟု ကော်မတီက ထုတ်ပြန်ထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာတွင် Covid-19 သံသယလူနာ တစ်ဦးတွေ့ရှိထားကြောင်း ယမန်နေ့ညနေက KIO ၏ Covid-19 ရောဂါတားဆီးနှိမ်နင်းရေး ကော်မတီ ထုတ်ပြန်ခဲ့သည်။