ရခိုင်စစ်ရှောင်များ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီ ၁၅ ရက်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဒုက္ခသည် များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။

မတ်လ ကုန်အထိ စာရင်းများအရ ကျောက်တော်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် စစ်ရှောင်ဦးရေ ၃၀,၀၀၀ ခန့် တိုးလာပြီး စားနပ်ရိက္ခာများ မလုံလောက်ဖြစ်နေရသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “အခုက ရိက္ခာအနေနဲ့ကတော့ လောလောလတ်လတ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက်ဆိုရင် အစိုးရက ပုံမှန်ထောက်ပံ့ပေးနေတဲ့ ဒီလူတစ်ဦးကို ၃၀၀ နှုန်း စားနပ်ရိက္ခာအတွက်ကလည်း မရရှိကြသေးဘူး။ ဒါတွေ က ကျောက်တော်၊ မင်းပြားဘက်မှာရှိတယ်။ တော်တော်များများစခန်းတွေမှာက ICRC တု့ိ၊ WFP တို့က ပုံမှန် ဆန်အပါအဝင် ပဲတို့ ဆီတို့ ထောက်ပံ့ပေးတာရှိတယ်။ အခုကြတော့ Covid လည်း ဖြစ်လာတော့ အစီအစဉ် တွေ ပြောင်းလဲတာတို့ ဖြစ်လာတာပေါ့နော်။ ဆိုတော့ တချို့ Camp တွေဆို ပုံမှန် ရိက္ခာမရောက်တာမျိုး တွေလည်း ဖြစ်လာပါတယ်” ဟု ပြောသည်။

ထို့အပြင် တပ်မတော်စစ်ကြောင်းများက ဒေသအတွင်းက အလှူရှင်များကိုလည်း လမ်းခရီးများတွင် တားဆီး ပိတ်ပင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်နေရသည်ဟု စစ်ရှောင်များက ပြောသည်။

ကျောက်တော်မြို့ စစ်ရှောင်များ၏ လိုအပ်ချက်နှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “စားသောက်မှုပိုင်းက အခုက ကျနော်တို့ ရှိသလောက်နဲ့ပေါ့လေ ဒီမှာ ဆို ရင် မြို့ပေါ်မှာတော့ တစ်အိမ်ကို ချိုင့်လေးတစ်ခုနဲ့ထည့်ပြီး တစ်ယောက်စာဖြစ်ဖြစ်ပေါ့လေ ပို့တဲ့ပုံစံမျိုးနဲ့ လုပ် ကြရတဲ့ပုံစံလည်းရှိတယ်။ မိသားစုတစ်စုစီကနေ စားပွဲတစ်ခုစီပေါ့လေ ယူပေးပါ၊ ကူညီပေးကြပါဆိုပြီး ချိုင့် လေးတွေနဲ့ သွားပို့ပေးနေရတဲ့ အခြေအနေတွေလည်းရှိတယ်။ အဲ့လိုမျိုးပေါ့ နိုင်တဲ့ဘက်ကနေ သွားနေရ တာပေါ့” ဟု ပြောသည်။

“နောက်ပြီးတော့ ပြေးလာကြတဲ့လူတွေက ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပိုးပြီးမှ လာကြရတာမျိုး မဟုတ် တော့ အသက်လုပြီးပြေးကြရတာကိုး။ ဆိုတော့ သူတို့ လူ ၈၀၀၀ ကျော်၊ တစ်သောင်းနီးပါးကို စားသောက် ရေးကိစ္စ ကျွေးဖို့ကိစ္စ။ ကျနော်တို့ ဒေသခံတွေကလည်း ကိုယ့်ရွာမှာကိုယ်နေပြီး စစ်ဘေးသင့် နေရသူတွေက ပိုပိုပြီးများလာတာပေါ့။ ဆိုတော့ ဘာမှလုပ်ကိုင်လို့လည်း မရတော့ဘူး။ လယ်ယာ၊ ကိုင်း ကျွန်းတွေ၊ ဥယျာဉ်ခြံတွေလည်း မသွားနိုင်ကြတော့ ရွာမှာနေရင်းနဲ့ကို အကုန်လုံးက စစ်ဘေးသင့် နေကြ တော့ ဆိုတော့ စားဝတ်နေရေးက လုံးဝကို အဆင်မပြေကြတော့ဘူး။ တစ်ရွာနဲ့တစ်ရွာ တစ်ယောက်ကို တစ်ယောက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ကလည်း နိုင်နိုင်နင်းနင်းမရှိကြတော့ဘူး။”

တပ်မတော်နှင့် ရက္ခိုင်တပ်တော် ULA/AA တို့အကြားက တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ပေါင်း ၁၁ မြို့နယ်က ဒေသခံပြည်သူများ စစ်ဘေးရှောင်စခန်းများနှင့် စစ်ဘေးလွတ်ရာ နေရာဒေသများ တွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့် ပေါက်တောမြို့နယ်များမှ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာနေရာများတွင် မိမိတို့၏ အစီ အစဉ်များဖြင့် စစ်ရှောင်နေကြသည်။

စစ်တွေမြို့က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုခိုင်မျိုးထွန်းကလည်း “ကျနော် အနေနဲ့ ပြောရမယ် ဆိုရင် အခုဖြစ်စဉ်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှာဖြစ်တာ။ ဒါပေမယ့် ရခိုင်ပြည် တစ်ပြည် လုံးမှာက တစ်ခြားဘူးသီးတောင် မောင်တော မြောက်ဦးရယ်၊ ကျောက် တော်ရယ် မင်းပြားရယ်ပေါ့လေ တစ်ချို့ဆို အမ်းတောင်ရှိပါတယ် အဲဒီကနေပြီးတော့ လာတဲ့ စစ်ဘေးရှောင်တွေ တောင်မှ စားဝတ်နေရေးကို အရမ်းကို ရုန်းကန်နေရတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံတကာ၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများအပြင် Covid-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုများ ကြောင့် နိုင်ငံတကာမှ အလှူရှင်များ၊ ပြည်ပရောက် ရခိုင်တိုင်းရင်းသားများ၏ ကူညီထောက်ပံ့မှုများ မရရှိ တော့ဘူး ဟု ဆိုသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတိ ICRCနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့၏ ကူညီပံံ့ပိုးမှု အစီအစဉ်များပါ အချိန်မှီ မရောက်ရှိနိုင်တော့သည့် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု စစ်ရှောင်များအား ကူညီနေကြသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ က ပြောသည်။

“စားနပ်ရိက္ခာအခက်အခဲအပြင် အခု ကျနော်တို့ စိုးရိမ်တာက ကျနော်တို့ ရခိုင်မှာက ဧပြီကုန်တာနဲ့ မုတ် သုံက လာတော့မယ်။ ဆိုတော့ အခုက ကွင်းတွေမှာ မဏ္ဍိုပ်ထိုးပြီးမှ နေနေကြရတာကိုး။ ကျောင်းတွေမှာ ဖြစ်သလိုနေနေကြရတယ်။ ဆိုတော့ ကျောင်းတွေကလည်းဖွင့်တော့မယ်၊ မုတ်သုံကလည်း လာတော့မယ် ဆိုတော့ သူတို့အတွက် နေရာထိုင် ခင်းကလည်း အခက်အခဲဖြစ်လာတော့မယ်။ ဒါတွေက ကြီးမားတဲ့ စိန် ခေါ်မှု ရင်မောစရာ ကိစ္စရပ်တွေပေါ့” ဟု ဦးဦးထွန်းဝင်း က ဆက်ပြောသည်။

ယခုခါ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်များအတွက် လုံလောက်သော စားနပ်ရိက္ခာထောက်ပံ့မှု မရှိ ခြင်း၊ စခန်းရှိ ယာယီတဲများ ပြိုပျက်လာနေခြင်း၊ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ရှိလာနေခြင်းတို့ကြောင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများလည်း ရှိလာနေပါသည်ဟု REC က ဦးဇော်ဇော်ထွန်း က ပြော သည်။

လက်ရှိစခန်းများရှိ စစ်ဘေးဒုက္ခသည်များအတွက် မဆင်မပြေမှုပေါင်း မြောက်များစွာ ရှိသလို ယခုလပိုင်း အတွင်း ထပ်မံတိုးလာသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် ထောက်ပံ့မှုများ လုံးဝ မရှိနိုင် တော့ဘူးဟု ဆိုသည်။ ထို့ကြောင့် နီးစပ်ရာတွင် ကြုံသလို တိမ်းရှောင်နေသူများ အလွန်များပြားလာနေပြီး ယင်းတို့၏ အခက်အခဲမှာလည်း လွန်စွာစိုးရိမ် ဖွယ်ရာ ဖြစ်လာနေပါသည်ဟု REC က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိန်းရှောင်နေရသူ တစ် သိန်းခွဲကျော်သွားပြီဖြစ်ပြီး စစ်ရှောင်စခန်းပြင်ပ စစ်ရှောင်နေရသူများက ပိုများနေသည်ဟု စစ်တမ်းများ ကောက်ခံထားသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောသည်။