မြစ်ကြီးနား မန်ခိန်ရပ်ကွက်တွင် COVID-19 သံသယ စောင့်ကြည့်မှု ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၅ ရက်။

Covid-19 လူနာ အမှတ် ၆၃ နှင့် ထိဆက်မှုရှိသည်ဆိုသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူတစ်ဦးအား နေအိမ် စောင့်ကြည့်မှု (Home Quarantine) လုပ်ဆောင်ထားသည်ဟု သိရသည်။

အဆိုပါ နေအိမ်စောင့်ကြည့်မှု (Home Quarantine) လုပ်ထားသူမှာ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်မှ ဖြစ်ပြီး ရန်ုကုန် မှ မြစ်ကြီးနားသို့ ဧပြီလ ၂ ရက်နေ့က ပြန်လည်ရောက်ရှိလာသူဖြစ်သည်ဟု မန်ခိန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလီဆီးစိုက် က ပြောသည်။

“သူက ဘေးပတ်ဝန်းကျင်ကနေ ဒီ Facebook မှာ သတင်းပေါက်ကြားသွားတာပေါ့နော်။ လူနာနံပါတ် ၆၃ နဲ့ ထိတွေ့မှု လုံးဝမရှိသေးဘူးဆိုတာမျိုး ပြောတယ်။ အဲ့တော့ ကျနော်တို့ကတော့ သူ့ကိုမေးတယ် ထိတွေ့မှု ရှိခဲ့လားဆိုပြီးမှလေ။ အဲ့ဒါ သူက တွေ့ဆုံမှု လုံးဝမရှိခဲ့ဘူးဆိုတာမျိုး ပြောတယ်။ တွေ့ဆုံမှုလည်း မရှိခဲ့ဘူး လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့က ဘာပဲဖြစ်ဖြစ် အပြင်ကနေ ပြန်လာတာဆိုတော့ Home Quarantine လုပ်ဖို့ဆိုပြီး လုပ်ထားတယ်” ဟု မန်ခိန် အုပ်ချုပ်ရေးမှူး ဦးလီဆီးစိုက် က ပြောသည်။

“သူက ရန်ကုန်ကနေ ပြန်လာတယ်။ ရန်ကုန် ပုလဲကပြန်လာတာပါ။ သူပြန်လာတာက ၂ ရက်နေ့ မြစ်ကြီး နားကို ရောက်တာ။ ဒါပေယ့် သူက ၁၀ ရက်နေ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလာ တယ်။ သတင်းပို့ပေးလာတာ။ ပို့ပို့ချင်းတော့ ကျနော်တို့က ကျန်းမာရေး အရ အဖျားသွားတိုင်းထွာတယ်။ စစ်ဆေး တာတွေလုပ်တယ်။ မေးမြန်းစရာရှိတာတွေ သွားမေးမြန်းတယ်။ ဒီနေ့အချိန်ထိကတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းတာပေါ့။ လုံးလုံးကောင်းပါတယ်။ သူ့မိသားစုကိုတော့ အောက်မှာနေခိုင်း တယ်။ သူ့ကိုတော့ အပေါ်မှာ သီးသန့်အခန်းနဲ့ထားတယ်။ အိမ်မှာပဲ Home Quarantine လုပ်ထားတာပေါ့။”

လူနာအမှတ် ၆၃ နှင့် ထိဆက်မှုရှိသည်ဆိုသည့် အဆိုပါလူမှာ လက်ရှိတွင် ကျန်းမာရေးအခြေအနေကောင်း မွန်နေသည့်အတွက် ဓါတ်ခွဲခန်းပို့ ဆေးစစ်မှုများတော့ လုပ်ဆောင်အုံးမည်မဟုတ်ကြောင်း၊ ၎င်း၏ လက်ရှိ အခြေအနေနှင့် ကျန်းမာရေး အနေအထားအား အထူးစောင့်ကြည့်သွားမည်ဟု မန်ခိန်အုပ်ချုပ်ရေးမှူး က ပြောသည်။

လူနာ အမှတ် ၆၃ မှာ လူနာအများအပြား ရောဂါပိုးကူးစက်မှုနှင့် ဆက်စပ်နေသည့် လူနာအမှတ် ၂၄ နှင့် ထိစပ်ခဲ့သူဖြစ်ပြီး လူနာ အမှတ် ၂၄ စင်ကာပူမှ ရောက်လာချိန်တွင် တွေ့ဆုံခဲ့သူလည်း ဖြစ်သည်။

မန်ခိန် ရက်ကွက်ရှိ နံနက်ခင်းရပ်ကွက်ဈေးတွင် ဈေးရောင်းနေသည့် ဈေးသည် ဒေါ်အဆီးမီး က “အဲ့ဒီလူ ဈေးလာတာတွေ့တယ် ဒီရက်ပိုင်းမှာပဲ။ အခုအဲ့လိုဆက်စပ်တယ်ဆိုတဲ့ သတင်းကြားတော့ ကျမတို့လည်း ကြောက်တာပေါ့နော်။ သူက ရောက်ရောက်ချင်း ရုံးကိုအကြောင်းမကြားတာကို အံ့သြတယ်။ သူက မကြောက်ပေမယ့် ကျမတို့က ကြောက်တယ်လေနော်” ဟု ပြောသည်။

မန်ခိန်ရပ်ကွက်မှ မနူးနူးကလည်း “တကယ်ဆို သူ့ကို အိမ်မှာ Home Quarantine လုပ်တာမျိုး ထက် ကျမအနေနဲ့ သိပ်ပြီး သဘောမကျဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဆေးရုံမှာ အစိုးရက သတ်မှတ်ထားတဲ့ နေရာတစ်ခုခုမှာ Quarantine လုပ်တာမျိုး ဖြစ်စေချင်တယ်။ အခုဆို ကျမတို့ လည်းကိုယ့်အိမ်ထဲ မှာပဲ ကိုယ်နေနေတယ်။ အိမ်ထဲမှာပဲ နေမယ်ဆိုရင်တော့ save ဖြစ်မယ်လို့ ယုံကြည်တယ်။ လက်ဆေးတယ်၊ အပြင်မထွက်ပဲ နေတယ်။ အပြင်ထွက်ရင်လည်း Mask တပ်တယ်။ သတင်းတွေ လည်း လျှောက်တော့ မကြည့်ဘူး။ အစိုးရက ထုြတ်ပန်တဲ့ အချက်အလက်တွေကို ကြည့်တယ်လေနော်” ဟု ပြောသည်။

လူနာအမှတ် ၆၃ နှင့် ထိဆက်မှုရှိသည်ဆိုသည့် အဆိုပါလူမှာ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် အုပ်စု ၄ မှ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု သိရသည်။

ရန်ကုန်မှ ပြန်ရောက်လာသူတစ်ဦးအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ နောက်ကျမှ အကြောင်း ကြားသည့်အပေါ် မနူးနူးက “ရောက်ရောက်ချင်း ရပ်ကွက်ရုံးကို အကြောင်းကြားရမှာကို အခုလို မျိုး အကြောင်းမကြားဘူးဆိုတာက တာဝန်ယူမှုမရှိဘူးပေါ့နော်။ သူက ရိုးရိုး ရန်ကုန်က ပြန်လာတဲ့လူလည်း မဟုတ်ဘူး။ ပြောမယ်ဆိုရင် သူက positive လူနာတွေနဲ့ ထိစပ်မှု ဆက်စပ်မှုရှိတဲ့လူဆိုတော့ ပိုပြီးမှ သူ့ ကိုယ်သူလည်း သတိထားသင့်တယ်။ အားလုံးအတွက်လည်း စဉ်းစားပေးပြီးတော့ တာဝန်ယူ သင့်တယ်။ အားလုံးအတွက်ပေါ့၊ မိသားစုအတွက်ရော၊ ရပ်ကွက်အတွက်ရော၊ မြစ်ကြီးနားက လူထုတွေ အတွက်ရော ပေါ့နော်။ သေချာ တာဝန်ယူပေးသင့်တယ်” ဟု ပြောသည်။

မန်ခိန်ရပ်ကွက် အတွင်း တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အသံချဲ့ စက်များဖြင့် အသိပေး ကြေညာခြင်းများ ပြုလုပ်နေသည် ဟု ရပ်ကွက်နေ ဒေသခံများက ပြောသည်။

“မိဘပြည်သူများ လိုက်နာဆောင်ရက်ရန် အသိပေးထုတ်ပြန်ကြေညာခြင်း – ရပ်ကွက်နေမိဘပြည်သူများ အနေဖြင့် အစားအသောက်နှင့် ဆေးဝါးဝယ်ယူရန်မှလွှဲ၍ ယခုရက်ပိုင်းအတွင်း အတတ်နိုင်ဆုံး အပြင် မထွက်ရန်၊ မဖြစ်မနေ လိုအပ်ချက်အရ သွားရမည့်ကိစ္စရှိပါက Mask တပ်၍ သွားရန်၊ မနက်ဈေးရောင်းချသူ များနှင့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ပိုင်ရှင်များသည် Mask တပ်၍ ဈေးရောင်းရန်နှင့် ဝယ်ယူသူများမှလည်း Mask တပ်၍ ၆ ပေ အကွာမှသာ ဝယ်ယူရန်၊ ရပ်ကွက်အတွင်း ဧည့်သည်အဝင်အထွက်ရှိပါက လက်ခံခြင်း မရှိစေပဲ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပို့ရန်၊ အထက်ပါ အသိပေး ထုတ်ပြန်ချက် များကို လိုက်နာခြင်းမရှိပါက ၁၆/၄/၂၀၂၀ ရက်နေ့မှစ၍ တည်စဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်” ဟု ရပ်ကွက်အုပ်ရေးမှူးရုံးမှ ရပ်ကွက်အတွင်း လိုက် လံ ကြေညာနေသည်ဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိသူ ဓါတ်ခွဲခန်း အတည်ပြုလူနာ (၇၄) ဦးရှိပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ချက်အရသိရသည်။