တပ်မတော် ဖမ်းဆီးသွားသော ရွာသား ၃၃ ဦး ပြန်လည် လွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၃၈ ဦး အနက် ၃၃ ဦး ပြန်လည် လွတ်မြောက်လာသည် ။

ထိုသူများမှာ ဧပြီလ ၁၉ ရက်နေ့က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့ (ယမန်နေ့)က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်း မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“မနေ့ညက ပြန်လွှတ်လာပြီလို့ ကြားပါတယ်။ ၅ ယောက်ကျန်နေသေးတယ်။ ၃၃ ယောက်က လွတ်လာတယ်။ ထွေအုပ်နဲ့ ရဲရှေ့မှာ ခံဝန်ချက်တွေ ထိုးရတယ်လို့ပြောတယ်။ လွတ်လာတဲ့ လူတွေကလေ။”

လွတ်မြောက်လာသူ ရွာသားများမှာ လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင် နေကြသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုခိုင်မျိုးထွန်းက ပြောသည်။

“မနေ့ကတော့ သူတို့ ပြန်လွှတ်တယ် ညနေပိုင်းလောက်ကတော့ လွှတ်ပြီးတော့ ပထမအနေနဲ့ သူတို့က ဒီရဲစ ခန်းကို ပို့တယ်။ ပို့ပြီးမှပဲ ရဲစခန်းကနေ ပြန်လွှတ်ပေးတဲ့ဟာကျတော့ အဲဒီရဲစခန်းကနေပြီးတော့ ပုဏ္ဏားကျွန်းမြို့ ရဲ့ မြို့မဘုန်းတော်ကြီးကျောင်းမှာ သူတို့အဲဒီမှာ နေရတယ်လို့ ပြောတယ် မနေ့က။ ဒါပေမယ့် သူတို့ သံသယရှိ တဲ့ သူ ၅ ယောက်ကျတော့ သူတို့ပြန်ပြီး ထပ်မံစစ်ဆေးပေါ့နော် အဲဒီ ၅၅၀ တပ်ရင်းမှာ။”

ကျန်ရှိနေသည့် ဒေသခံ ၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်မှု ရှိ မရှိ တပ်မတော်မှ ထပ်မံ စစ် ဆေးမှု ပြုလုပ်နေသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ကျောက်ဆိပ်ရွာသားများမှာ ဧပြီလ ၁၃ ရက်နေ့က ကျေးရွာအတွင်းသို့ လက်နက် ကြီး ကျရောက်ပေါက်ကွဲသည့် သတင်းထွက်ပေါ်လာခြင်းနှင့် ဆက်စပ်မှုရှိနိုင်ပြီး ဖမ်းဆီးခံရစဉ် တပ်မတော်မှ ရိုက်နှက်မှုများ ရှိသည်ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကိုခိုင်မျိုးထွန်းက “ကျောက်ဆိပ်ကျေးရွာကနေပြီးတော့ ၈ ယောက်သေတဲ့ အမှုနဲ့ ဆက်စပ်ပြီးတော့ လူဖမ်းတယ်။ ဖမ်းပြီတော့ သူတို့ ၃၈ ယောက်ကိုမှ ကျနော်က မနေ့က အဲဒီ ရပ်ကျေး အုပ် ချုပ်ရေးမှူးကို ကျနော်ဖုန်းဆက်ပြီးမေးတယ်။ ဘာတွေ ဘာတွေ ဖြစ်သေးလဲ ဆိုတော့ ရိုက်နှက်တာတို့ရှိတယ် ထုတယ် ထောင်းတယ်။ ပြီးတော့ ညှင်းပန်းနှိပ်စက်တာပေါ့နော်။ တပ်မတော်ဖက်က စစ်ဆေးတဲ့အခါမှာ ရိုက် နှက်ညှင်းပန်းနှိပ်စက်တာတို့ ဘာတို့ ရှိတယ်လို့ ပြောတယ်။ လူငယ်တွေ အယောက် ၁၀ ကျော်လောက်ကိုပေါ့” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှု တစုံတစ်ရာမရှိပဲ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ထိခိုက်သေဆုံးကာ ဒဏ်ရာ ရရှိခဲ့သည်ဟု လူမှုကွန်ရက်တွင် ပြောဆိုဖြန့်ချီ ရေးသားမှုများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရေးသားပြောဆိုမှုများ သာ ဖြစ်သည်ဟု ဧပြီလ ၁၃ ရက်နေ့က တပ်မတော်၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ကမ္ဘာတစ်ဝန်းလုံး covid – 19 ကပ်ရောဂါကို ရင်ဆိုင်နေရသည့် အခြေအနေမျိုးတွင် အစိုးရအနေဖြင့် တပ်မ တော်၏ လုပ်ရပ်များကို တားဆီးရမည်ဖြစ်ပြီး စစ်ရေးပဋိပက္ခအတွင်း ဒုက္ခရောက်နေသည့် ပြည်သူများကို လူသားချင်းစာ နာသည့်အနေဖြင့် အကူအညီပေးရန်လိုသည်ဟု ဦးခင်မောင်လတ် က ပြောသည်။

“အခုက လက်နက်ကြီး ကျတယ်။ လူ ၈ ဦးသေတယ် ၁၃ ယောက် ဒဏ်ရာရတယ်။ အဲမှာ တစ်ပတ်မကြာဘူး လူ ၄၀ နီးပါးကို ဖမ်းဆီးသွားတဲ့ ဖြစ်ရပ်မျိုးက တော်တော်ရှားရှားပါးပါးပဲ မဖြစ်သင့်ဘူး။ လူတွေ ဒုက္ခပင်လယ် ေ၀ ကြေကွဲနေတဲ့ အချိန်လေ။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရဖို့ပဲရှိတယ်။ ဒီလိုမျိုး မဖြစ် အောင် အစိုးရက ကာကွယ်ပေးရမယ်။ စုံစမ်းစစ်ဆေးပေးရမယ်။ အရေးယူပေးရမယ်။ ကူညီထောက်ပံ့ပေး ရမယ်။ အဲလိုပဲ လုပ်ဖို့ တာဝန်ရှိတယ်။”

ထို့အပြင် တိုက်ပွဲများကြောင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင် စားသောက်ရန် ခက်ခဲ လာသည့်အပြင် မြေမြုပ်မိုင်း ပြဿနာများနှင့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများကို ကြောက်လန့်နေရ သည့်အတွက် ကျီးလန့်စာ စားနေရသည့် ဘဝတွင် နေထိုင်နေရသည်ဟု ဆိုသည်

လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တော်တော်များများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့် တပ်တော် AA နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲအတွင်း ဒေသခံများမှာ နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရသည်ဟု လူ့အခွင့်အရေး အဖွဲ့အ စည်းများက ဆိုသည်။