ဘူးသီးတောင် တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးရ၊ အစားအသောက်များ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
ဧပြီလ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြိ့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး အစားအသောက်များ အရေးပေါ် လိုအပ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားက တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဧပြီလ ၂၇ ရက်နေ့ ညနေ အချိန်ခန့်ကစတင်ပြီး ကံ့ကော်မြိုင်ကျေးရွာမှ ဒေသခံများ ဘူးသီးတောင်မြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးလာကြသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောသည်။
“ညောင်ချောင်းဘက်မှာ ပေါ့ လေ။ ဘူးသီးတောင်ရဲ့ တောင်ပိုင်း အဲ့ဒီကံ့ကော်မြိုင်ဆိုတဲ့ ကျေးရွာဘက်က လူတွေ အကုန်လုံးပြေးလာ ကြတယ်။ ဘူးသီးတောင်မြို့ပေါ် ကို ရောက်နေတယ် ကံ့ကော်မြိုင်ကျေးရွာက လူတွေပေါ့လေ။ ဆိုတော့ တစ်ရွာလုံးပေါ့၊ အိမ်ခြေက ၁၂၀ ရှိ ပါတယ်ခင်ဗျ။” ဟု ပြောသည်။
တိုက်ပွဲများမှာ လွန်ခဲ့သည့် ဧပြီ ၂၄ ရက်မှ စ၍ ဘူးသီးတောင် မြို့နယ်တောင်ပိုင်း မေယုတောင်တန်းတွင် ဖြစ်နေခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုက္ခသည်အသစ်များအတွက် လိုအပ်ချက် အများအပြားရှိနေကြောင်း ဦးအောင်သောင်းက ပြောသည်။
“ထပ်ရောက်တဲ့ အိမ်ထောင်စု ၁၂၀၊ လူဦးရေ လေးရာကျော်အတွက်က အမိုးအောက်ကို မရောက်နိုင်သေးဘူး။ အမိုးအကာ တွေမရှိသေးဘူး။ ဘာမှ လည်း မရသေးဘူး။ ဆိုတော့ စားရေး သောက်ရေးလည်း လိုအပ်နေတယ်။ အခု ရက်ပိုင်း ထပ်ရောက်တဲ့လူတွေအတွက်က အစစအရာရာ လိုအပ်နေတယ်။”
အဆိုပါ စစ်ရှောင်များအား ဘူးသီးတောင်မြို့ရှိ ရွှေကျင်ကျောင်းတိုက်တွင် နေရာချထားပေးပြီး ဒေသခံ များ ကသာ ၎င်းတို့၏ စားဝတ်နေရေးကိစ္စရပ်များကို ကူညီထောက်ပံ့ပေးနေရသည်ဟု သိရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦဇော်ဇော်ထွန်း က “အားလုံးပေါင်းရင်တော့ ၄၀၀ ကျော်၊ ၅၀၀ ကျော်လောက်ရှိတယ်လို့ သိရတယ် ခင်ဗျ။ အခုက ဒီဧပြီလမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ တပ်မတော်ရဲ့ ရှင်းလင်းမှုတွေကြောင့် ထွက်ပြေး နေရကြရတဲ့လူတွေက ခိုကိုးရာမဲ့နေကြတယ်။ နေရာထိုင်ခင်းလည်း အဆင်မပြေကြဘူး။ စားနပ်ရိက္ခာ လည်း ဘာမှ မရှိကြဘူး။ အဲ့ဒီတော့ တော်တော်လေးဆိုးဆိုးရွားရွား အခြေအနေမှာ ရှိနေတာပါ” ဟု ပြော သည်။
ကနဦးကတည်းက ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေခဲ့ပြီးဖြစ်ရာ ၎င်းတို့အတွက်လည်း လုံလောက်သည့် စားနပ်ရိက္ခာ ထောက်ပံံ့မှုတွေ မရရှိကြသလို နေစရာ နေရာ အခက်အခဲများလည်း ရှိနေသည်ဟု စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
“ဒီဧပြီလအတွင်းမှာ ဘူးသီးတောင်ဘက်ကို ဘယ်အဖွဲ့အစည်းကမှ မရောက်ဘူး၊ အစိုးရရဲ့ အဖွဲ့အစည်း အပါအဝင်ပေါ့ နိုင်ငံတကာအဖွဲ့အစည်းအပါအဝင် ဘယ်အဖွဲ့အစည်းမှ မရောက်ကြဘူး။” ဟု ဦဇော်ဇော်ထွန်း က ဆက်ပြောသည်။
ယခု ဧပြီလ နောက်ဆုံးအပတ်အတွင်း ထပ်မံရောက်ရှိလာသော စစ်ရှောင်ပြည်သူများ အတွက် အကူအညီများ မရရှိသေးသောကြောင့် ဘူးသီးတောင်မြို့မှ ဒေသခံများကသာ ကူညီပံ့ပိုးပေးနေရ သည်ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။
“အခုထပ်ရောက်တဲ့ မိသားစုတွေကတော့ ဘယ်သူရဲ့ အကူအညီ ထောက်ပံ့မှုမှ မရသေးဘူး။ အခု လက် ခံပေးထားတဲ့ ရွာတွေနဲ့ နီးစပ်ရာတွေကပဲကူညီနေကြတယ်။ နောက် သူတို့မှာပါလာတဲ့ နည်းနည်းပါးပါး စားနပ်ရိက္ခာလောက်နဲ့ပဲ အဆင်ပြေသလို စားနေကြရတယ်လို့ပဲ သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း အခုဖြစ်တဲ့နေရာတွေက ကားလမ်းမရှိဘူး၊ ရေလမ်းပဲ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတဲ့ ပုံစံလို့ပဲ ပြောရမှာပေါ့နော်။”
ဘူးသီးတောင်မြို့နယ်တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် ကံ့ကော်မြိုင် ကျေးရွာအပြင် အခြားသော ကျေးရွာမှ ဒေသခံများ ထွက်ပြေးရသည်များလည်း ရှိကြောင်း ဦးအောင်သောင်းက ပြောသည်။
“ဒီဘက်မှာတော့ ICRC ကပေး တာတော့ ရှိတယ်၊ လူကယ်ပြန်က ပေးတာကလည်း နည်းနည်းပါးပါးပဲ ဆိုတော့လေ အရင်လူတွေ အတွက်ပဲ ရှိတယ်။ အဲ့ဒီဘက်က ရွာတော်တော် များများက လူတွေကတော့ ပြေးသွားကြပြီ၊ ဥပမာ ကျောက်စာတိုင်တို့ နဗျူချောင်းတို့၊ ခမီချောင်းတို့၊ အုတ်တောင်တို့ အခုဆိုရင် ကံ့ ကော်မြိုင်၊ ညောင်ချောင်း အဲ့ဒီဘက်ကတွေ ပါလာတယ်။ တချို့လည်း နီးစပ်တဲ့ ဆွေမျိုးတွေဆီသွားကြ တယ်။ အများစုကတော့ ဘူးသီးတောင်မြို့ပေါ်ကို လာတယ်။”
ယခု ရက်ပိုင်းတွင် ဘူးသီတောင်မြို့နယ်အတွင်းက ဒေသခံပြည်သူများအပြင် မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်တို့က ဒေသခံပြည်သူ သုံးထောင်ခန့်လည်း စစ်ဘေးလွှတ်ရာ ထွက်ပြေးတိန်းရှောင်နေရသည်ဟု သိရသည်။