မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်လုံးတွင် ရေရှားပါးမှု ကြုံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပွားနေသည်ဟု ရေလိုက်လံ ဖြန့်ဝေပေးနေသူများနှင့် ဒေသခံများက ပြောသည်။
မတ်လဆန်းမှစတင်ကာ ပင်လယ်နှင့်နီးသည့် မြို့နယ်များတွင် ရေပြတ်လပ်မှုစတင်ဖြစ်ပွားခဲ့ပြီး ဧပြီလ တတိယ အပတ်ခန့်တွင် မြို့နယ် ၁၀ မြို့နယ်လုံးရှိ ကျေးရွာအများစုတို့တွင် ရေပြတ်လပ်ကာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
မုဒုံမြို့ မှ ဒေသခံ ဦးထွန်းကြည် က “ခါတိုင်းနှစ်တွေ ရေအခက်အခဲဖြစ်တယ်ဆိုပေမယ့် ဒီနှစ်လောက်မဆိုးဘူး။ ကိုယ့်ရေတွင်းနဲ့ ကိုယ့်အိမ်နဲ့ သုံးလို့လောက်တဲ့အနေအထားရှိတယ်။ ဒီနှစ်ကတော့ တစ်ရွာလုံးပဲ ရေအခက်အခဲ ဖြစ်နေတယ်၊ ဝယ်သုံးနေရတယ်။ အခုနောက်ပိုင်းဆို အလှူရှင်တွေ လာလှူပေးတဲ့ ရေတွေလည်း ရှိတယ်” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ရေး အစရှိသည့် မြို့ နယ်အတွင်းရှိ ကျေးရွာအများစုတို့တွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အများစုက လည်း ရေကို ဝယ်သုံးနေရသည်ဟု ဒေသခံများ က ပြောသည်။
ရေ ဝယ်သုံးနေရသည့်ကျေးရွာများတွင် ရေအနည်းအများပေါ်မူတည်ပြီး မော်တော်ယာဉ်ဖြင့် တစ်ခေါက်သယ် လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ ကျပ် ကြား ပေးနေရသည်ဟု သိရသည်။
ရေအခက်အခဲဖြစ်သည့် ကျေးရွာများသို့ မွန်ညီညွတ်ရေးပါတီ၊ မွန်လူငယ်အဖွဲ့တို့အပြင် မီးသတ်တပ်ဖွဲ့၊ လူမှုအဖွဲ့ အစည်းနှင့် ပရဟိတအဖွဲ့အစည်းများက ရေများ ရေလိုက်လံဖြန့်ဝေပေးလျှက်ရှိသည်။
“ရေအခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို မွန်ညီညွတ်ရေးပါတီနဲ့ မွန်လူတွေ ပူးပေါင်းပြီးတော့ ရေလိုက် ဝေ ပေး နေတာရှိသလို အခြားသော လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့လည်း ရေလိုအပ်တဲ့ ကျေးရွာ တွေမှာ လိုက်ဝေပေးတာရှိပါတယ်” ဟု မွန်လူငယ်တစ်ဦးက ပြောသည်။
ရေအခက်အခဲဖြစ်ပွားနေသည့် ချောင်းဆုံမြို့ နယ်ရှိ ကျေးရွာများသို့ ရေဖြန့်ဝေပေးနေသည့်အပြင် ရေရှည် အတွက် ရေထွက်ရှိသည့်နေရာမှ ရေသွယ်တန်းပေးနိုင်ရေးကိုလည်း စီစဉ်ပေးနေသည်ဟု ချောင်းဆုံမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံသို့ ရေအခက်အခဲဖြစ်ပွားနေသည်ဟု တင်ပြလာသည့် သထုံ၊ ဘီးလင်း၊ ပေါင်နှင့် ကျိုက်မရောမြို့ နယ်ရှိ ကျေးရွာများတွင် ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်ဟု မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
ထို့အပြင် သောက်သုံးရေပြတ်လပ်ပြီး ရေအခက်အခဲဖြစ်ပွားလာပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးဌာနသို့ အကူ အညီတောင်းခံနိုင်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေပြတ်လပ်မှု ဖြစ်လျှင် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားသည်ဟု ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ သိရသည်။
အလားတူ ရေအခက်အခဲဖြစ်ပွားလာပါက သက်ဆိုင်ရာ စည်ပင်၊ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့များထံသို့လည်း အကူညီတောင်းခံနိုင်သည့်အပြင် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများကလည်း ရေအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။