မောင်တောတွင် အင်တာနက်လိုင်းများ ပြန်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မေလ ၂ ရက်နေ့က စတင်ပြီး အင်တာနက်လိုင်းများ ပြန်လည် ဖွင့်ပေးခဲ့သည်ဟု သိရသည်။
မောင်တောမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် (၈) မြို့နယ်ကို ဆက်သွယ်ရေးဝန်ကြီး ဌာနက အင်တာနက်လိုင်းများကို ပိတ်ပင်ထားခဲ့ရာမှ ယခုကဲ့သို့ ဖွင့်ပေးသည့်အပေါ် ကြိုဆိုသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ က “ဟုတ်တယ် မောင်တောမှာ အင်တာနက်တွေ ဖွင့်ပေး တယ်ဆိုတာ ဟုတ်ပါတယ်။ ဘာကြောင့် ဖွင့်ပေးတယ်ဆိုတာကာကတော့ အစိုးရကိုမေးရမယ်။ ဘာပဲပြော ပြော ဖွင့်ပေးတယ်ဆိုတာ ကောင်းတယ်။ ကြိုဆိုပါတယ်။ သို့သော် ကျန်တဲ့မြို့တွေပါ ဖွင့်ပေးရင်ပို ကောင်း မယ်” ဟု ပြောသည်။
“အင်တာနက်ပိတ်တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော်က ပြောပေါင်းလည်း များပြီ။ သို့သော် ဒီလိုပြောလာတဲ့အထဲက ကျန်တဲ့မြို့တွေကို ပိတ်ထားပေမယ့် မောင်တောမြို့နယ်ကို ဖွင့်ပေးလိုက်တာ ကြောင့် ကောင်းပါတယ်။ ကျန်တဲ့မြို့တွေကိုလည်း ထပ်ဖွင့်ပေးသင့်တယ်။ ဖွင့်ပေးဖို့လည်း တိုက်တွန်းလို တယ်။”
မောင်တောမြို့နယ်တွင် ယခုကဲ့သို့ အင်တာနက်လိုင်းမှာ ဖြတ်တောက်မှုကို ပြန်လည်ဖွင့်ပေးလိုက်ခြင်း ကြောင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် အခြေအနေများအပြင် စစ်ရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားသော အခြေအနေများအားလုံးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြန်လည်ရရှိ လာ သည်ဟု မောင်တောဒေသခံများ ကပြောသည်။
မောင်တောဒေသခံ မောင်ထွန်းသိန်း က “ကျနော်သိသလောက်က သတင်းအချက်အလက် ဒီ COVID-19 နဲ့ ပတ်သက်တာ အဲ့ဒါတွေ ဘာတွေ မျှဝေလို့ရအောင်ပေါ့နော်။ အဲ့လိုမျိုးတော့ ဒီမှာ ပြောနေကြတယ်။ အတိ အကျတော့မသိဘူး။ ကျနော်တို့ကတော့ အခုလိုဖွင့်ပေးတဲ့အတွက် အရမ်းကောင်းတယ်လို့ပဲ ပြောချင် တယ်။ အခုဖြစ်နေတဲ့ ရောဂါ COVID နဲ့ ပတ်သက်ပြီး အခြေအနေတွေသိရတယ်။ သတင်းတွေလည်း သိရတော့ အားလုံးက ဘယ်လိုပြောမလဲ အကျိုးရှိတယ်ပေါ့ဗျာ။ ပြန်ပြီးမပိတ်ဖို့ပဲ အဲ့ဒါတော့ စိတ်ပူနေကြ တယ်။ အခု ကျနော်တို့ မောင်တောမှာက အော်ရီဒူး၊ တယ်လီနော၊ MPT အားလုံး သံုံးလို့ရပြီ” ဟု ပြော သည်။
မောင်တောမြို့နယ်ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း အခြားသောမြို့နယ်များကို ဆက်လက်ပိတ်ထား ဆဲဖြစ်သည်ဟု သိရသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၈)မြို့နယ်နှင့် ချင်းပြည်နယ်ထဲက မြို့နယ် တစ်မြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ကစတင်ပြီး အစိုးရမှ အင်တာနက်လိုင်းများ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထိုသို့ပိတ်ထားပြီးနောက် စက်တင်ဘာလ က မြို့နယ်အချို့ကို အင်တာနက်လိုင်းများ ပြန်လည် ဖွင့်ပေးခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ပြန်လည်ပိတ်ထားခဲ့သည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “မောင်တောပဲ ဖွင့် ပေးသေးတာပါ။ တခြားမြို့တွေတော့ မဖွင့်သေးပါဘူး။ ဒါပေမယ့် ဘူးသီးတောင်မှာကတော့ တချို့နေရာ တွေမှာ လိုင်းတွေမိနေတယ်လို့ ပြောတယ်။ ဘူးသီးတောင်မှာက အော်ရီဒူးလိုင်းက တချို့နေရာတွေမှာ ရတယ်လို့ ပြောကြတယ်။ အခုလိုဖွင့်ပေးလိုက်တာက မောင်တောက ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ် တယ်ပေါ့ နော်။ ဘင်္ဂလားဒေ့ရှ်မှာက COVID နဲ့ ပတ်သက်ပြီးမှ ကူးစက်မှုတွေလည်း ရှိနေတယ်။ ဆိုတဲ့အခါကြတော့ ဒီနယ်စပ်လည်း ဖြစ်တဲ့အခါကြတော့ သတင်းအချက်အလက်တွေ ရရှိဖို့ စဉ်းစားချက် တစ်ခုရှိမှာပေါ့နော်” ဟု ပြောသည်။
ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်အတွင်းက အင်တာနက်ပိတ်ခံထားရသည့် မြို့နယ်များအား ပြန်လည် ဖွင့်ပေးရန် ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့ အစည်း များ၊ ရခိုင်ပြည်နယ် လွှတ်တော်နှင့် ဒေသခံများက ဆက်တိုက်တောင်းဆိုခဲ့ကြသည်။
“နောက်တစ်ခုကတော့ အခုနောက်ပိုင်းမှာ COVID နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ဘက်က ဖိအားပေး တာ၊ မစ္စယန်ဟီးလီဘက်လည်းက report ထုတ်တာလည်း ရှိတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံက ICJ နဲ့ ပတ်သက်ပြီး အဲ့အတွက် report တင်ရမယ့်ကိစ္စတွေလည်း ရှိတယ်ပေါ့နော် ဒီအခြေအနေတွေ အတွက် ကို ကြိုပြီးတော့မှ လုပ်ဆောင်တယ်လို့တော့ သုံးသပ်ပါတယ်” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
၂၀၁၉ ခုနှစ်က စတင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်များ ဖြစ်ကြသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောနှင့် ချင်းပြည်နယ် အတွင်းက ပလက်ဝမြို့နယ် တို့ကို ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
မေလ ၁ ရက်နေ့ က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစားရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ထဲရှိ မြို့နယ်တစ်မြို့နယ်ကို အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုခဲ့သေးသည်။