ရေဖြူမြို့နယ်အတွင်း မိုင်းထောင်ခြင်းကို မွန်အရပ်ဘက်အဖွဲ့များ ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၈ ရက်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်အတွင်း မြေမြုပ်မိုင်းများသုံးပြီး အရပ်သားများအပေါ် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေခြင်းအား ကန့်ကွက်ကြောင်း မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (Mon CSOs Network) က မေလ ၈ ရက်နေ့က ထုတ်ပြန် ကန့်ကွက်လိုက်သည်။
နယ်မြေစိုးမိုးရေး၊ ဒေသတွင်းသယံဇာတထုတ်ယူရေးနှင့် နယ်မြေတိုးချဲ့ ဝင်ရောက်နိုင်ရေးအတွက် အဖွဲ့အစည်း တစ်ခုခုက ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းထောင်ကာ အရပ်သားများအား တစိုက်မတ်မတ် တိုက်ခိုက်နေခြင်း ဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်က စွပ်စွဲထားသည်။
မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်မြင့်နိုင်က ဤလုပ်ရပ်မှာ ရည်ရွယ်ချက် ရှိရှိဖြင့် အဖွဲ့အစည်း တစ်စုံတစ်ခုက လုပ်ခြင်းဖြစ်သည်ဟု ပြောသည်။
“အဲဒီ (ရေဖြူ) ဒေသမှာဆိုရင် နယ်မြေစိုးမိုးမှုလည်းမရှိဘူး၊ ပြီးတော့ ဒေသတွင်း သယံဇာတ (သစ်) ထုတ်လုပ်မှုလည်းရှိတယ်၊ နောက်တစ်ခု က နယ်မြေပိုင်ဆိုင်မှုပေါ့ အဲဒီဒေသမှာ မွန်တွေ အများစု ရှိတယ်၊ ဆိုတော့ မွန်တွေ ကြောက်အောင်ပေါ့ ရည် ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ ခြိမ်းခြောက်မှုတစ်ခုလို့တော့ ကျနော်တို့ မြင်တယ်”
ရေဖြူမြို့ နယ်အတွင်း၌ ၂၀၁၈ ခုနှစ် အောက်တိုင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ၂၀၂၀ ခုနှစ် မေလ ၄ ရက်နေ့ထိ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံများ၊ ဒေသခံများ သွားလာနေသည့် လမ်းများ ပေါ်တွင် မြေမြုပ်မိုင်းနင်းမိမှု ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံ မွန်တိုင်းရင်းသား ၉ ဦး ခြေလက်အင်္ဂါ များ ဆုံးရှုံးခဲ့ရသည်။
ထို့အပြင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးမြို့ နယ် ရေးချောင်းဖျားဒေသဘက်တွင်လည်း မတ်လ အတွင်း က မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
မွန်ပြည်သစ် ပါတီ ထားဝယ်ခရိုင် ဥက္ကဌ နိုင်ထောရော့ က မွန်ပြည်သစ်ပါတီ လက်ချက် မဖြစ်နိုင်ကြောင်း ရှင်းပြသည်။
“မိုင်းနင်းမိတာ အများစုက ကျနော်တို့ မွန်လူမျိုးတွေပဲ ဖြစ်တယ်။ ဆိုတော့ ရှိနေတာက ဒီနှစ်ဖွဲ့ (NMSP နဲ့ KNU) ပဲရှိတယ်၊ ကျနော် တို့အနေနဲ့က ကျနော်တို့ လူမျိုး ဒုက္ခရောက်အောင် စဉ်းစားမှာမဟုတ်ပါဘူး”
KNU ဘက်ကလည်း မြေမြုပ်မိုင်းကိစ္စသည် ၎င်းတို့ထောင်ထားခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။
မြေမြုပ်မိုင်း အသုံးပြုမှုကြောင့် အရပ်သားများအား တိုက်ခိုက်နေခြင်းသည် လူမဆန်သော သူရဲဘောကြောင် သည့်လုပ်ရပ်ဖြစ်ကာ ထိုလုပ်ရပ်များအားပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု မွန်အရပ်ဘက်လူမှုအဖွဲ့အစည်း များ ကွန်ရက်က ပြောသည်။
မြေမြုပ်မိုင်းကိစ္စများ ရပ်တန့်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရေးယူဆောင်ရွက်မှု များနှင့်အတူ နောက်နောင် မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့်ဆောင်ရွက်မှုများလည်း လုပ်ဆောင်ရန် လို အပ်သည်ဟု နိုင်မြင့်နိုင် က ပြောသည်။
“ဒီကိစ္စ ရပ်တန့်သွားဖို့ဆိုရင် အစိုးရရယ်၊ UPDJC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ) JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီများ) အဆင့်ဆင့်ရယ် နောက် လက် နက်ကိုင်အဖွဲ့ အဲဒီဒေသမှာ အဓိကလှုပ်ရှားနေတဲ့ KNU နှင့် မွန်ပြည်သစ်ပါတီတို့ကနေပြီးတော့ နောက်နောင် ဒီပြဿနာမဖြစ်အောင် ရေးယူဆောင်ရွက်လိုက်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မြင်တယ်။”
မြေမြုပ်မိုင်းကြောင့် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုကို ခံစားခွင့်ရှိစေရေးဆောင်ရွက်ရန် မွန်အရပ် ဘက်လူမှုအဖွဲ့အစည်းက တိုက်တွန်း တောင်းဆိုထားသည်။
မေလ ၄ ရက်နေ့ (ယနေ့) မွန်းလွှဲ ၁ နာရီ အချိန်ခန့်တ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိ အလယ်စခန်းကျေးရွာအနီးတွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။