လက္ကာရွာမီးရှို့မှု တပ်မတော် ထုတ်ပြန်ချက် ဒေသခံများ ပြောကြားချက်နှင့် ကွဲလွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၂၀ ရက်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာ မီးရှို့ခံရမှု တပ်မတော်ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြော ပြချက်များ ကွဲလွှဲနေသည်။

မြောက်ဦးမြို့နယ်အတွင်းက လက္ကာကျေးရွာအတွင်း လူနေအိမ် အလုံး (၂၀၀) နီးပါး မီးလောင်ပျက်စီး သွား သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောသည်။ တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် အဆိုပါ ကျေးရွာအတွင်းရှိ နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးသွားသည်ဟု မေလ ၁၇ ရက်နေ့က ထုတ်ပြန် ထား သည်။

လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့် က “မီးလောင်တဲ့အထဲမှာ လူနေအိမ်တွေပါတယ်။ အိမ်ကတော့ အကုန်လုံး ၁၀၀ကျော် အလုံး ၂၀၀ လောက်ပါသွားတာပါ။ စပါးလှောင်ထားတာတွေလည်းပါတယ်။ အခုက ရွာက တော်တော်များများက လောင်သွားတယ်။ နောက်ပြီး အလယ်တန်းစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းထဲ ကပေါ့၊ ဒီ်ဆွမ်းချက် ဆောင်ပါ ပါသွားတယ်။ နောက်ထပ် ဆရာ၊ ဆရာမတွေနေတဲ့ အဆောင်သုံးဆောင်လည်း ပါသွားတယ်” ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် “မြောက်ဦးမြို့ နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင် ရွက်စဉ် မေ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လက္ကာကျေးရွာအနီးသို့အရောက်၌ AA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့များက ကျေးရွာအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များသည် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့၍ ရွာ၏ အရှေ့ဘက်တောင်ကြော များပေါ်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။” ဟု မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

“AAအကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ လုံးခန့် မီးလောင် ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။” ဟု တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

လက္ကာကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကတော့ “ အတိအကျပြောဖို့တော့ နည်းနည်းခက်တယ်။ အနီးအနားရွာက မြင်တဲ့လူတွေပြောတာက တိမ်ညိုရွာကနေ နေ့လည် ၁ နာရီကျော်၊ နှစ်နာရီလောက်မှာ စစ်သား ၅၀ လောက်က ကျနော်တို့ ရွာထဲကို ဝင်သွားတယ်လို့ပြောတယ်။ အဲ့လိုဝင်ပြီး သိပ်မကြာဘူးလေ ရွာထဲမှာ သေနတ်သံတွေထွက်လာတယ်၊ ဒီမီးခိုးတွေပေါ့ အဲ့လိုမျိုးထွက်လာတယ်လို့ ကျနော်တို့ ရွာနားက မြင်တဲ့လူတွေက ပြောပြကြတာပေါ့။ အခု ဒီကျနော်တု့ိက ရွာမှာမနေဘူးလေ။ အိမ်တွေပဲ ရှိတယ်။ တခါတလေ ပြန်ကြည့်တယ် အဲ့လိုမျိုးပေါ့။ ပြီးခဲ့တဲ့နှစ်ကတည်းက ရွာမှာက ဘယ်သူမှ နေလို့ မရတော့ဘူး” ဟု ပြောသည်။

လက္ကာကျေးရွာအတွင်း အိမ်ခြေ ၃၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၂၀၀ နီးပါးမီးလောင်သွားသည်ဟု ဒေသခံများက ပြောသည်။

လက္ကာကျေးရွာမှ ဒေသခံများသည် ၎င်းတို့၏ ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တိ့ု အကြားက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသည်မှာ တစ်နှစ်ကျော်ရှိ ပြီ ဖြစ်သည်ဟု သိရသည်။

လက္ကာ ကျေးရွာမှ ဒေသခံရွာသားများသည် ၂၀၁၉ ခုနှစ် ဧပြီလ ကတည်းက တိမ်ညို၊ ဘုရားလှ၊ ပီပင်းရင်း စစ်ရှောင်စခန်းတို့နှင့် မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးလွှတ်ရာ နီးစပ်ရာဆွေမျိုးများ အိမ်တွင် စစ်ဘေးတိမ်းရှောင် နေရခြင်း ဖြစ်သည်။

လက္ကာကျေးရွာသားများအနေဖြင့် ယခုကဲ့သို့ ၎င်းတို့၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပေါ် စိတ်မ ကောင်းဖြစ်ရသည်ဟု ပြောသည်။

မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က “အခုတော့ မီးထဲကိုပါသွားတဲ့ အိမ်ခြေစာရင်းပေါ့ ဒါကို ကောက်ယူဖို့ ပြောထားတယ်။ ပြီးရင် ဒါတွေနဲ့ ပတ်သက်ပြီး ရွာသားတွေအတွက် ဘယ်လိုကူညီပေးရမလဲဆိုတောမျိုး ကျနော်တို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

လက္ကာကျေးရွာမှ နေအိမ်များ မီးလောင်ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် ULA/AA တို့မှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း နှစ်ဖက်စလုံးက ငြင်းဆိုထားကြသည်။

မေလ ၄ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်အတွင်းက ငတောက်တူချေ ရွာဟောင်းနှင့် ရွာသစ် နှစ်ရွာလုံး အား မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုက မီးရှို့ လိုက်သည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် မတ်လ ၂၂ ရက်နေ့တုန်းကလည်း ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၅၀၀ ကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများက စွပ်စွဲပြောဆိုထားသည်။

အဆိုပါ တင်းမကျေးရွာမှ နေအိမ်များမီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ တပ်မတော်က ၎င်းတို့ မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း ပြည်နယ်အစိုးရက နေအိမ်များ ပြန်ဆောက်နိုင်ရန်အတွက် ငွေကျပ် သိန်း ၉၀၀ ကျော် ပေးအပ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။