မူဆယ်တွင် ရှာဖွေဖမ်းဆီးမှုများပြုလုပ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၂၀ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ နယ်အတွင်းရှိ နေအိမ်အချို့ အား သက်ဆိုင်ရာ အာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ကာ ဒေသခံ ၅ ဦးကိုလည်း ဖမ်း ဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်အတွင်းက မန့်မိုင်ကျေးရွာအတွင်း မေလ ၁၇ ရက်နေ့ ညက တပ်မတော်အပါအဝင် အစိုးရဌာန ဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စစ်ရောက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

“မူဆယ်မြို့၊ (၉)ရပ်ကွက်၊ ပန်လုံရပ်ကွက်မှာလာစစ်ဆေးမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေ အကြောင်းကြား ထား တယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် အခု ဒီမန့်မိုင်ရွာမှာပဲ ရုတ်တရက် ညမှာလာ စစ်ဆေးတယ်။ အဲ့ထဲမှာ မူဆယ် မြို့နယ်ထွေအုပ်ရုံးကလူတွေပါတယ်။ အုပ်ချူပ်ရေးမှူးတွေပါတယ်။”

ဖမ်းဆီးခံထားရသည့် ရွာသားများ အခြေအနေနှင့်ပတ်သက်၍ အမည်မဖော်လိုသူ အဆိုပါ ဒေသခံက ယခု ကဲ့ သို့ ဆက်ပြောသည်။

“ဒီနေ့မနက် ၄ နာရီမှာ တစ်ယောက်ဖမ်းသွားတယ်။ နောက်တစ်ယောက်ကတော့ ၉ နာရီလောက်မှာ ဖမ်းသွား တယ်။ အခုထိရဲစခန်းမှာပဲ ရှိနေသေးတယ်တဲ့။ အဲ့ဒါနဲ့ပတ်သက်ပြီး ညှိနှိုင်းနေတုန်းပဲလို့ပြောတယ်။ အမှုလည်း မဖွင့်ရသေးဘူးလို့ ပြောတယ်။”

ဖမ်းဆီးခံထားရသည့် မန့်မိုင်ကျေးရွာမှ ဒေသခံ ၅ ဦးအား ယခုခါ မူဆယ်မြို့မ ရဲစခန်း စစ်ဆေးမေးမြန်းမှုများ ပြု လုပ်နေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့မ ရဲစခန်းက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

မန့်မိုင်ဒေသခံတစ်ဦးက “သူတို့ပြောတာကတော့ အဓိက ဆေး၊ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေတွေ စစ်တယ် ပေါ့နော်။ အဲ့ဒါတွေတွေ့ရင် ဖမ်းမယ်လို့ပြောတယ်။ တခြားတော့ မသိဘူး။ အခုပြောတာက ဖမ်းခံရတဲ့ထဲက ကချင်နှစ်ယောက်ကိစ္စပါ။ တခြားလူတွေကတော့ အတိအကျမသိသေးဘူး။ ရှမ်းတွေလည်းပါတယ်။ ဗမာလည်း ပါတယ်ပြောတယ်” ဟု ပြောသည်။

ဒေသခံအာဏာပိုင်များက ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည့် မန့်မိုင်ကျေးရွာသည် ယခုရက်ပိုင်း အတွင်း လက်နက်များနှင့် မူးယစ်ဆေးဝါများ ဖမ်းဆီးရမိခဲ့သော မူဆယ်မြို့နယ် စွမ်းစော်ရပ်ကွက်နှင့် တစ်မိုင် အကွာခန့်တွင်တည်ရှိသော အိမ်ခြေ (၇၀)ခန့်ရှိသော ကျေးရွာ ဖြစ်ပါသည်။

“ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၁၆ ရက် ည ၇ နာရီခန့်တွင် မူဆယ်မြို့အစွန် သင်္ချိုင်း အနီး၌ ရှာဖွေ စစ် ဆေးရာအမှိုက်ကျင်းအတွင်းမှ မြေစာများဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် ပါရိ အမျိုး အစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ အမ် ၂၂ မောင်းပြန် ရိုင်ဖယ် ၃ လက်၊ အမ် ၂၂ ကျည် ၁၀၂ တောင့်၊ ပါရိ ကျည်အိမ် ၁ ခုနှင့် အမ် ၂၂ ကျည်အိမ် ၃ ခု၊ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော ဘာရက်တာပစ္စတို (ပွိုင့်-၂၅) ၁ လက်၊ ဘာရက်တာပစ္စတို (ပွိုင့်-၂၅)ကျည် ၇ တောင့်၊ ဘာရက်တာပစ္စတိုကျည်အိမ် ၁ ခု၊ လူဂါပစ္စတို ၁ လက်၊ လူဂါပစ္စတိုကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး၊ လက်ပစ်ဗုံး(အသေး)(ဖြူ့စ်ပါ) ၂ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် မေလ ၁၇ ရက်နေ့ကလည်း မူဆယ်မြို့အတွင်း ငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။