တပ်မတော်က KIO ကို COVID-19 ပစ္စည်းများ ပေးအပ်

သတင်းနှင့်မီဒီယာကွန်ရက်
၂၀၂၀ ခုနှစ်၊ မေလ ၂၁ ရက်။

တပ်မတော် က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်း များနှင့် ကြိုတင်ကာကွယ်ရေးပစ္စည်းများကို ကချင်လွတ်လပ်ရေးအဖဲ့ွ KIO ကို ပေးအပ်ခဲ့သည်။

တပ်မတော် တာဝန်ရှိသူများက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ တဆင့် ဆက်သွယ် လာပြီး နှစ်ဖက်တေ့ွ ဆုံက ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“တိုင်း စစ်ဦးစီးချုပ်ရုံးကနေ ကျနော်တို့ PCG ကို ဆက်သွယ်လာပါတယ်၊ အခုလောလော ဆယ်ဖြစ်နေတဲ့ COVID-19 ရောဂါကာကွယ်မယ့်ပစ္စည်းတွေနဲ့ပတ်သတ်ပြီး ပစ္စည်းတွေကို KIO ဒေသကို သွားပို့ချင်တယ်၊ သွားပေးချင်တယ်၊ အဲဒါတိုင်ပင်ပေးပါ ဆိုပြီးပြောလာလို့ ကျနော်တို့ PCG ကနေလည်း KIO ကို တင်ပြပြီးတော့ အခုလို ဖြစ်လာပါတယ်” ဟု PCG က ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

မေလ ၁၉ ရက်နေ့က တပ်မတာ်တာဝန်ရှိသူများမှ PCG ကို ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

မေလ ၂၀ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တာဝန်ရှိသူများနှင့် KIO က ထိပ်ပိုင်းခေါင်းဆောင် များ KIO ဌာနချုပ် အနီးရှိ မိုင်ဆတ်ပါကျေးရွာတွင် တွေ့ဆုံပြီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့သည်။

KIO ဒု-ဥက္ကဋ္ဌ ဆွမ်လွတ်ဂမ်၊ ဒုတိယဗိုလ်မချုပ်ကြီး ဆွမ်လွတ်ဂွန်မော်တို့က တပ်မတော်မှ ပေးအပ်သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် ကြိုတင်ကာကွယ်ရေး ပစ္စည်းများကို လက်ခံခဲ့သည်။

မေလ ၁၃ ရက်နေ့တုန်းကလည်း ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ၏ ကြားဝင် ဆောင်ရွက် ပေးမှုတို့ကြောင့် KIO ၏ COVID-19 ရောဂါကာကွယ် တားဆီးနှိမ်နှင်းရေး ကော်မတီနှင့် ကချင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဦးနေဝင်း ဦးဆောင်သည့်အဖွဲ့များနှင့်လည်း COVID-19 ကပ်ရောဂါကို အတူတကွ ပူးပေါင်းကာကွယ်နိုင်ရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။