လားရှိုးခရိုင်အတွင်း လူဦးရေ ၂၀၀၀ ကျော် အစားအသောက် အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၂၁ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်ထဲက ကျေးရွာပေါင်း ၁၂ ရွာက လူဦးရေ ၂၀၀၀ ကျော် COVID-19 ကာလအတွင်း အစားအသောက် အခက်အခဲရှိနေသည်ဟု သိရသည်။
လားရှိုးခရိုင်အတွင်းရှိ မိုင်းရယ်မြို့နယ်နှင့် လားရှိုးမြို့နယ်အတွင်းရှိ မိုင်းယော်တိုက်နယ်တို့ရှိ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည်သူများ အခက်အခဲကြုံနေရခြင်းဖြစ်သည်ဟု သွားရောက်ကူညီပေးခဲ့သည့် တအာင်းသံဃာ တော် များအဖွဲ့(ဗဟို) က ပြောသည်။
တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) မှ အတွင်းရေးမှူး အရှင်တိက္ခဉာဏ က “အဓိက အခက်အခဲရှိတဲ့ရွာ တွေ သွားရောက်ကူညီပေးတာပါ။ သူတို့က တခြား တအာင်းကျေးရွာတွေလို လက်ဖက် လိမ္မော်ခြံတွေ လုပ် ကိုင်စား သောက်တာမရှိဘူး။ ဖျာယက်တာနဲ့တောင်ယာပဲ လုပ်စားကြတယ်။ ကားလမ်း မပေါက်တဲ့ရွာတွေ လည်း ရှိတယ်။ ဦးဇင်းတို့က ကားမရောက်တဲ့ရွာတွေကို ကားရောက်နိုင်သလောက် သွားတယ်။ သူတို့တွေကို လည်း လမ်း လျှောက်လာခိုင်းတယ်” ဟု မိန့်သည်။
နေ့စားအလုပ်ကို အဓိကထားလုပ်ကိုင်ကြသည့် အဆိုပါကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများသည် ယခုအခါ COVID-19 ကာလအတွင်း ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် ယခင်လုပ်ကိုင်နေကြသည့် အလုပ်များ ပုံမှန် လုပ်ကိုင်စားသောက်ခွင့် မရသည့်တွက် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။
အခက်ကြုံနေကြသည့် ကျေးရွာများမှာ မိုင်းရယ်မြို့နယ်ထဲက မတ်ဟိန်တန်၊ နမ့်ခိုက်၊ ကြူဝင်း၊ နားမုန့်၊ လွယ်ဝိန်း၊ နမ့်ဆင်/ဟွေဟုတ်ကျေးရွာများနှင့် မိုင်းယော်တိုက်နယ်ထဲက လွယ်ကန်၊ ဟိုနား၊ ပန်စုံ၊ ပန်ထီး၊ လွတ်ပတ်နှင့် ပန်လုံကျေးရွာတို့ ဖြစ်သည်ဟု သိရသည်။
အဆိုပါကျေးရွာများသို့ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို)နှင့် အိုမ်တမာဝ်လူမှုကူညီရေးအသင်း (ကျောက်မဲ) တို့က ပူပေါင်းပြီး ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်များ၊ ပဲ စသည့်တို့အပြင် ဆပ်ပြာနှင့် ဆေးဝါးများ သွားရောက်ကူညီထောက်ပံ့ပေးခဲ့သည်။
မေလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ အဆိုပါ ကျေးရွာပေါင်း ၁၂ ရွာရှိ အိမ်ထောင်မိသား စုစုပေါင်း ၇၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၂၀၀၀ ကျော် အတွက် အစားအသာက်များ သွားရောက်ကူညီနိုင်ခဲ့သည်ဟု အရှင်တိက္ခဉာဏ က ဆက်မိန့်သည်။
မိုင်းရယ်မြို့နယ် နားမုန့်ကျေးရွာက ရွာသားတစ်ဦး က “တနေ့လုပ်တနေ့စားဘဝနဲ့ ရုန်းကန်နေရတယ်။ အရင် က နေ့စားအလုပ်တွေ တစ်ရက် ၅ ထောင်ရတယ်။ အခုတော့ တစ်ရက် ၂ ထောင် ဒါတောင် ပုံမှန်မရှိဘူး။ အလုပ် မရှိတဲ့ချိန် ထမင်းတောင်စားစရာမရှိဘူး။ ကူညီထောက်ပံ့ပေးတဲ့စားသောက်တွေက ရက် ၂ဝ စားသောက်ဖို့ လောက်တယ်” ဟု ပြောသည်။
ယခုသွားရောက်ကူညီခဲ့သည့် ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အလှူရှင်များ ထပ်ရှိလာပါက ထပ်မံသွားရောက် ကူညီပေးသွားဖြစ်ကြောင်း အိုမ်တမာဝ် လူမှု ကူညီရေးအသင်း က မိုင်းအိုက်နွေး က ပြောသည်။
“မိုင်းရယ်ဘက်မှာက ကားလမ်းမရောက်တာတော့ သိပ်မရှိဘူး။ မိုင်းယော်ဘက်က ကားလမ်းမပေါက်တဲ့ နေရာ များတယ်။ မိုးလည်းရွာထားတော့ လမ်းတွေချော်တာတွေရှိတယ်။ တချို့ကားတွေက သွားလို့မရဘူး။ လူအင်အားတွေရော ဒေသခံအားတွေရော နောက်သူတို့ရှိတဲ့ မြင်း၊ နွားတွေနဲ့ လာသယ်ကြတယ်။”
ယခုခါ မိုင်းယော်၊ မိုင်းရယ်အပြင် တန့်ယန့်မြို့နယ်တို့ရှိ ဒေသခံပြည်သူများ COVID-19 ကာလ ကန့်သတ်မှု များကြောင့် အလုပ်အကိုင် အခက်အခဲရှိနေကြပြီး စားဝတ်နေရေး ပြဿနာများ ကြုံနေရခြင်းဖြစ်သည် ဟု အိုမ်တမာဝ်လူမှုကူညီရေးအသင်း က ပြောသည်။
COVID-19 ကာလအတွင်း အခက်အခဲဖြစ်နေရသည့် ရှမ်းမြောက်ဒေသအတွင်းက တန့်ယန့်မြို့နယ်နှင့် အခြားသော မြို့နယ်များလည်း ရှိနေသလို ၎င်းတို့အတွက်လည်း မကြာခင် သွားရောက်ကူညီရန်ရှိသည်ဟု သိရသည်။