ဆီဆိုင် သိမ်းဆည်းမြေ ပြန်ပေးရန် အရပ်ဘက်အဖွဲ့ ၁၉၀ ကျော် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက တပ်သိမ်း မြေဧက ၂၀၀၀ ကျော်ကို ပြန်ပေးရန်နှင့် တည်ဆဲ ဥပဒေများကို လိုက်နာရန် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့ အစည်းများက တပ်မတော်အား တောင်းဆိုလိုက်သည်။

ဒေသခံ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများအား အဓမ္မ သိမ်းဆည်းခြင်း၊ လယ်သမားများ စိုက်ပျိုး ထားသည့် အပင်များ ဖျက်ဆီးခြင်း၊ တောင်သူလယ်သမားများအား တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ တောင်သူများ၏ စိုက်ပျိုးရေးသုံး စက်ပစ္စည်းများအား သိမ်းယူခြင်းများကို တပ်က ပြုလုပ်နေသည်ဟု ဒေသခံ များက ပြောသည်။

ပအိုဝ်းလူငယ်အစည်းအရုံး ဒု-ဥက္ကဋ္ဌ နန်းဘို က “တပ်သိမ်းထားတာက တပ်ရင်း ၄၂၃နဲ့ ၄၂၄ ရဲ့ နောက် ကျော မှာက ၁၉၀၀ ဧက ရှိတယ်။ ပြီးတော့ တပ်ရင်း ၄၂၃ နဲ့ ၄၂၄ ရဲ့ လမ်းတဖက်ခြမ်းမှာက အရှေ့ဘက်မှာက ဧက ၃၀၀။ ကျမတို့ပြောချင်တာက ၁၉၉၆ မှာ စ သိမ်း တယ်၊ အခုနောက်ပိုင်းလည်း ထပ်သိမ်းတာတွေရှိလာတယ် အဲ့လိုမျိုးပါ။ တပ်ပိုင်မြေလို့ ပြောတယ်။ တောင်သူ တွေသွားစိုက်တော့ ဟန့်တားတယ်။ စက်တွေသိမ်းတယ်။ ရဲတွေခြိမ်းခြောက်တယ်။ တရားစွဲတာတွေ လုပ် တယ်။ ဒီမြေတွေက သိမ်းခံရတယ်လို့သာ နှုတ်နဲ့ပြောတာ စာရွက်စာတမ်း အချက်အလက်လည်း မပြဘူး။ တောင်သူတွေကလည်း သူတို့မြေတွေ အသိမ်းခံထား ရတယ် ဆိုတာ သိတာ ၃၊ ၄ နှစ်ပဲ ရှိသေးတယ်” ဟု ပြောသည်။

ထို့အပြင် တပ်သိမ်းမြေစာရင်းများအား ပွင့်လင်းစွာချပြမှုမရှိခြင်း နှင့် တပ်ရင်းအတွက် လိုအပ်ပမာဏထက် ပိုမို မြေသိမ်းထားပြီး အသုံးမပြုခြင်း၊ သတ်မှတ်ကာလတွင် စီမံကိန်းအကောင် အထည်မဖော်ထားခြင်းနှင့် ဥပဒေနှင့် မညီသော မြေအငှားချစားခြင်းများ အပေါ် မိမိတို့ အရပ်ဖက် လူမှု အဖွဲ့အစည်းများမှ သိရှိရပါ သဖြင့် ပြည်သူ တစ်ရပ်လုံးအကျိုးကို ရှေးရှုကာ ဇွန်လ ၃ ရက်နေ့က ပအိုဝ်းအရပ်ဖက်များ နှင့် မိတ်ဖက် အရပ်ဖက် လူမှုအဖွဲ့ အစည်း ၁၉၀ ကျော်က သဘောထား ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သိရသည်။

ဆီဆိုင်မြို့၊ ပင်စုံကျေးရွာ အုပ်စု နှင့် နောင်ကျောကျေးရွာအုပ်စု အတွင်းက တောင်သူ ၁၀၀ ကျော်၏ မြေဧက ၂၀၄၈.၄ ဧက ကို ခမရ ၄၂၃/၄၂၄ တပ်ရင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ အမြောက်တပ် နှင့် ပြည် ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်-ဦးပိုင် တို့က သိမ်းယူထားခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

ဆီဆိုင်မြိုကနယ် တပ်သိမ်းမြေကိစ္စ ပြန်လည်ရရှိရေး ဆောင်ရွက်နေသည့် တောင်သူ ခွန်ကျော်နိုင်က “တပ်က မြေသိမ်းမြေလွှဲမိန့်နဲ့စသိမ်းတာက ၉၆ မှာ သိမ်းတယ်။ တရားဝင်သိမ်းတာက ဧက ၁၅၀ ကျော်ပဲ ရှိတယ်။ တရားမဝင်သိမ်းတာက များတယ်။ ခမရ ၄၂၄ က ဧက ၉၀.၂၀၊ ခမရ ၄၂၃ က ၆၁.၆၀၊ ဦးပိုင်က ၂၂ ဦးပါတယ်။ လမ်းအရှေ့ဘက်က ရပခ အရှေ့ပိုင်းတိုင်းက အမြှောက်တပ်အရံမြေဆိုပြီး ဧက ၅၀၀ ယူထားတယ်။ ၂၀၁၈/၁၉ မှ တောင်သူတွေက သူတို့မြေတွေသိမ်းခံရတယ် ဆိုတာသိတာ။ မနှစ်ကစပြီး တောင်သူတွေ တရားစွဲခံရတယ်။ ဒီနှစ်လည်း ထပ်စွဲထားတယ်” ဟု ပြောသည်။

“မြေသိမ်းအက်ဥပဒေနဲ့ မြေသိမ်းပြီးတော့ တပ်ကိုဆောက်ခဲ့တယ်။ ဆိုတော့ အဲ့ဒီနောက်မှာ တပ်နဲ့အနီးဝန်း ကျင်မှာ ရှိတဲ့ရွာလေးတွေရှိတယ်။ လုံခြုံရေးအရ ရွာကိုရွှေ့ ခိုင်းတယ်။ ရွှေ့ပေးပါတယ်။ အဲ့မှာ ရွာသားတွေ စိုက် ပျိုးတဲ့မြေ ကိုတော့ ဆက်လက်စိုက်ခွင့်ပေးခဲ့တယ်။ ရွာသားတွေက သိတာက တပ်နဲ့ကပ်တဲ့မြေပဲ တပ်သိမ်း မြေလို့ သိထားတာ။ ကျန်တာတော့ မပါဘူးပေါ့၊ ဆက်လုပ်နေတာ။ အမြှောက်တပ်ရဲ့ အရံမြေထဲက ၂၀၀ တော့ ပြန်ပေးမယ်။ မနှစ်ကပေါ့။ ဧက ၃၀၀ တော့ကျန်နေသေးတယ်။ တပ်ရင်း ၄၂၃နဲ့ ၄၂၄ ရဲ့ နောက်ကျောမှာက ၁၉၀၀ ဧက ရှိသေးတယ်။ ပြန်မရသေးဘူး။”

ဒေသခံပြည်သူများ၏ မြေယာများကို ဒေသတွင်းက တပ်ရင်းအချို့က လိုအပ်သည့် ပမာဏထက် ပိုမိုမြေသိမ်း ထားပြီး အသုံးမပြုပဲ ထားသည့် မြေယာများလည်း ဧကများစွာ ရှိနေသည့်အတွက် ပြန်လည်ပေးအပ်ရန် ဒေသခံများ က တောင်းဆိုလိုက်သည်။

တပ်မတော်မှ မြေယာ သိမ်းဆည်းမှုများ လုပ်ဆောင်လျက် ရှိပြီး ယခင် ဘိုးဘွားစဉ်ဆက်က ဓလေ့ထုံးတမ်း အရ တောင်သူများ စိုက်ပျိုးလာသည့် မြေများအား အသိအမှတ်မပြုပဲ တပ်ပိုင်မြေဟု ပုံစံအမျိုးမျိုးဖြင့် ပုံဖော် လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

နန်းဘို က “တပ်ပိုင်မြေ၊ စစ်မှုထမ်းဟောင်းမြေ အဲ့လိုမျိုးပေါ့၊ ၂၀၁၇ ကနေ ၂၀၂၀ ကနေ ဆိုင်းဘုတ် အမျိုးမျိုး ပြောင်းလာတယ်။ အရင်နှစ်ကလည်း တပ်က တားတယ်။ ရွာသားတွေကပြောတော့ စိုက်ခွင့်ပြန်ပေးတယ်။ ဆို တော့ ဒီနှစ်က လုံးဝပြန်မပေးစိုက်ဘူးပေါ့နော်။ တောင်သူတွေက အခုက ကိုယ်ပိုင်တဲ့မြေပေါ်မှာ သူတို့မစိုက် စားရင် ဘာ လုပ်စားမလဲပေါ့။ အစားထိုးလုပ်မယ့် နေရာလည်း မရှိဘူးပေါ့။ ပြီးတော့ စစ်တပ်ဘက်က မြေလွတ် မြေရိုင်း လို့ ပြောနေတာလည်းရှိတယ်။ ကျမတု့ိဘက်မှာက မြေလွတ်မြေရိုင်းမှ မရှိတာ။ ဓလေ့ထုံးတမ်း မြေယာ လုပ် ကိုင်မှု ပိုင်ဆိုင်မှုနဲ့ပဲ လုပ်ကိုင်စားသောက်လာကြတာ။ နှစ်တိုင်းလည်းစိုက်လာတာ၊ သူတို့မပေးစိုက်လည်း ကျမတို့က စိုက်တယ်။ မစိုက်ရင်ဘာစားမလဲ” ဟု ဆက်ပြောသည်။

ယခင် တပ်မတော် တပ်ရင်း မရောက်ရှိခင်ကာလတွင် ဒေသခံတောင်သူများမှ ဓလေ့ထုံးတမ်း အစဉ်အလာအရ စိုက်ပျိုးရေးလုပ်ငန်း အမျိုးမျိုးအား တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက်ခဲ့ကြသည် ဟု ဆိုသည်။

သို့သောာ် ၁၉၉၂ ခုနှစ်တွင် စစ်တပ်ရောက်ရှိလာပြီးနောက်ပိုင်း ၁၉၉၆ မှ စတင်၍ ဒေသခံများ၏ ဘိုးဘွားပိုင် မြေယာများ စတင် အသိမ်းခံ ခဲ့ရပြီး ယနေ့အချိန်ထိ အသိမ်းခံနေရဆဲဖြစ်သည်ဟု ဆိုသည်။

တပ်မတော်အနေဖြင့် မြေယာများ သိမ်းယူရာတွင် မြေယာဥပဒေအရ စနစ်တကျ သိမ်းယူထားခြင်းများ မရှိ သကဲ့သို့ မြေသိမ်း မြေလွဲမိန့်စာရင်းများလည်း ပွင့်လင်းစွာချပြခြင်းမရှိသည့်အပြင် ၎င်းမြေများသည် တောင်သူ လယ်သမားများ နှစ်စဉ် စိုက်ပျိုးလျက် ရှိနေသည်။

လက်ရှိ မြေသိမ်းဥပဒေ၏ သိမ်းဆည်းမြေများ လုပ်ထုံးလုပ်နည်းနှင့်လည်း ကိုက်ညီမှုမရှိသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အသုံးအပြုသည့်မြေများ ပြန်လည်စွန့်လွတ်ရန် ညွန်ကြားထား ပြီးဖြစ် သလို လက် တွေ့မြေမြင်တွင် လုံးဝ အသုံးမပြုသည်ကို တွေ့နေရသည့်အပြင် စာရင်းနှင့် လက်တွေ့မြေပြင်လွဲ ချော်မှုများ ရှိနေသည်ဟု တောင်သူများက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်းက၏ တပ်သိမ်းမြေကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် တောင်သူများ အကြား ဖြစ်ပွား နေသည့် ပဋိပက္ခများ၊ မြေယာအငြင်းပွားမှုများနှင့် ပက်သက်၍ တပ်မတော်တာဝန်ရှိသူများအနေဖြင့် သိမ်း ဆည်းထားသော မြေများနှင့် အကောင်အထည် ဖော်ထားခြင်းမရှိသော မြေများအား မူလလုပ်ပိုင်ခွင့်တောင် းသူများနှင့် လက်ရှိလက်ငုပ်လုပ်ကိုင်နေသော တောင်သူလယ်သမားများထံ ချွင်းချက်မရှိ တရားဝင် ပြန်လည် စွန့်လွှတ် အပ်နှင်းရန်၊ တိုင်းရင်းသား ပြည်သူလူထုများ လက်တွေ့ ကျင့်သုံးနေသော ဓလေ့ထုံးတမ်းမြေယာ စနစ်ကို အသိအမှတ်ပြုရန် နှင့် ပိုင်ဆိုင်ခွင့်၊ စီမံခွင့်အား လေးစားရန်နှင့် တည်ဆဲမြေယာဥပဒေများပါ ပြဌာန်းချက်များအား လေးစား လိုက်နာပေးရန် တောင်းဆိုထားသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအားလည်း မြေပြင်အခြေအနေများအား ကွင်းဆင်း စစ် ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်ပြီး ဒေသခံ လူထုများအား မြေယာပိုင်ဆိုင်ခွင့်၊ တရားဝင်မြေယာလုပ်ပိုင်ခွင့် နှင့် လျော်ကြေးနစ်နာကြေးများ ရပိုင်ခွင့်တို့အား အမြန်ဆုံး တရားဝင် ကူညီဆောင်ရွက်ပေးရန်အပြင် ပအိုဝ်း အမျိုးသားရေး၊ နိုင်ငံရေး ခေါင်းဆောင်များအနေဖြင့်လည်း ငြိမ်းချမ်းရေး လမ်းစဉ် နှင့် လွှတ်တော်တွင် လူထု များ လက်တွေ့ရင်ဆိုင်နေရသော မြေယာ ကိစ္စရပ်များအား ကိုယ်စားပြုမှု ခိုင်မာစွာဖြင့် အနာဂါတ် ဖက်ဒရယ် မြေစနစ်ပေါ်ထွန်းစေရေး ထိရောက်စွာ ဆွေးနွေးအဖြေရှာပေး ရန် တောင်းဆိုထားသည်။