ကချင်ပြည်နယ် မြို့နယ် အားလုံးတွင် KSPP ယှဉ်ပြိုင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၉ ရက်။

ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည် နယ်ရှိ မြို့နယ် ၁၈ မြို့နယ်လုံးတွင် ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဟု ပြောလိုက်သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင် အောင်ခမ်းက ကိုယ်စားလှယ်လောင်း ရွေးချယ် ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်လျက် ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ လူရွေးချယ်ရေး ကော်မတီကနေ ရွေးချယ်နေတဲ့ အခြေအနေတော့ဖြစ်တယ်။ ပြီးတော့ ဒီကနေ မှတ်ချက်ပြုပြီးမှ CEC ကိုတင်ပြ လာပါလိမ့်မယ်။ အခုဒီဟာက အချက်အလက်တွေ စုဆောင်းပြီးမှ ပြီးတာနဲ့ ကျနော်တို့ ပြန်ပြီးတင်ပြပြီးမှ အဲဒီကနေ ပြန်ပြီး အတည်ပြုသွားပါလိမ့်မယ်။” ဟု ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP သည်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်း အဖြစ် ရွေးချယ်ခြင်းလုပ်ငန်းကို အဆင့် ၆ ဆင့် ပုံစံဖြင့် စတင်ဆောင်ရွက်နေပြီး ပထမအဆင့်၏ ၉၀ ရာခိုင်နှုန်းသော လုပ်ငန်းကို ပြီးစီးနေပြီ ဖြစ်သည် ဟု KSPP က ဆိုသည်။

လူရွေးချယ်ရေး အပိုင်းတွင် အမျိုးသမီးနှင့် လူငယ်များအပါအဝင် ကချင်ပြည်နယ်တွင် မှီတင်းနေ ထိုင်ကြ သော တိုင်းရင်းသား မျိုးနွယ်စုများနှင့် သက်ဆိုင်ရာ မြို့နယ်မှ အလွှာအသီးသီးရှိ ပါတီဝင်များကို ကိုယ် စားလှယ်လောင်းများ အဖြစ် ရွေးချယ်သွားမည် ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

“လူငယ် သက်လတ်ပိုင်းကလည်းပါမယ်။ အမျိုးသမီးတွေလည်း ပါမယ်။ ပါပြီးမှ ပါတီဖက်ကလည်း ပါမယ်။ ပြီးရင် ဒေသခံတွေလည်းပါမယ်။ အကုန်လုံး ပေါ့နော်။ ဒီမျိုးနွယ်စုတွေလည်းပါမယ်။ နောက်ပြီးတော့ ကချင် ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ဟာတွေလည်း ကိုယ်စားပြုပြီးမှ ပါလာမယ်။ အကုန်လုံးက နေရာ အသီးသီး က ဖြစ်ပါလိမ့်မယ်”

ပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင့်ရှိနေပြီး ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ် တွင် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၆၅ ဦး အထက် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြောသည်။ ဝင် ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်သည်ဟု KSPP က ဆို သည်။

ဒေသအလိုက်ရှိ တိုင်းရင်းသား မျိုးနွယ်စုများကို KSPP ကိုယ်စားလှယ်လောင်းများအဖြင့် အဓိကထား ရွေး ချယ်သွားမည် ဖြစ်သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးကွမ် ဂေါင်အောင်ခမ်း က ပြောသည်။

“ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ ကချင်နည်းတဲ့ နေရာမှာတောင်မှ ကျနော်တို့ နိုင်မယ်လို့ပဲ မျှော်မှန်းထားပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ရှမ်းနီများတဲ့ မိုးညှင်းမှာ ဆိုရင် ရှမ်းနီကိုယ်စားလှယ် လုပ်မှာပါ။ ရွှေဂူ မှာ ဗမာများတယ်ဆိုရင် ဗမာကိုယ်စားလှယ်တွေကိုတော့ အဓိကထားမှာပါ။ ဒါမျိုးတွေ ဆိုတော့ အကုန်လုံး ဒေသကိုလည်း အခြေခံမယ်။ လူမျိုးကိုလည်း အခြေခံမယ်။ နယ်မြေကိုလည်း အခြေခံမယ်။ နောက်ပြီးမှ အဖွဲ့အစည်းတွေ အကုန်လုံး အလွှာအသီးသီးက အစုံပဲ။ အကုန်လုံးပါဝင်တဲ့ သူတွေကတော့ အကုန်လုံး ဒေသကို ကိုယ်စား ပြုပြီးမှ ပါဝင်မှာကြောင့်မို့ နိုင်မယ်လို့ပဲ ကျနော်က ဒီလိုပဲ ခံယူထားပါတယ်။”

ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်အပြင် ရေးရာဝန်ကြီး နေရာများကိုလည်း KSPP အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဟု ဆိုသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီသည် ကချင်လူထုများ၏ သဘောဆန္ဒအတိုင်း ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသည့် ပါတီဖြစ်သည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းခြင်းကို လွန်ခဲ့သည့် ၂၀၁၃ -၂၀၁၄ ခုနှစ်မှ စတင်ကာ ပါတီ ခေါင်း ဆောင်များက ကြိုးစားလုပ်ဆောင်လာခဲ့ ကြသည်။

ထို့သို့လုပ်ဆောင်လာရာမှ ၂၀၁၈ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီများကို ပေါင်း စည်းကာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်း ဆောင်များက ပါတီသစ်အဖြစ် ပေါင်းစည်းထူထောင်ခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP) က ပေါင်းစည်းပါတီ၊ ကချင် ပြည်နယ် တိုးတက်ရေးပါတီ (KSPP)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့က အစုအဖွဲ့ အချို့လည်း ပါဝင်သည် ဟု သိရသည်။