ပူတာအို စစ်ရှောင်များအား နေရာသစ်တွင် ပြန်လည် အခြေချရန် စီစဉ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၀ ရက်။
ကချင်ပြည်နယ်၊ ပူတာအိုရှိ စစ်ရှောင်စခန်းတစ်ခုမှ စစ်ရှောင်များမှာ နေရပ်ပြန်ရေး မဖြစ်နိုင်တော့ သည့်အတွက် ပြန်လည်နေရာချထားပေးရန် လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ကချင်ဒေသစစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) က ပြောသည်။
ပူတာအိုမြို့နယ် လုံးစွတ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များအတွက် မြေနေရာတစ်ခုကို အစိုးရနှင့်ညှိနှိုင်းပြီး စီစဉ်ပေးရခြင်းဖြစ်သည်ဟု သိရသည်။
KHCC အနေဖြင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးနေသည့် အိမ်ထောင်စုမှာ ၇၇ အိမ်ထောင်စုရှိပြီး၊ လူဦးရေ ၃၇၀ ရှိသည်ဟု ကချင်ဒေသစစ်ဘေးရှောင်များကူညီစောင့် ရှောက်ရေးကော်မတီ (KHCC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဒေါက် တာ ခါလမ်ဆမ်ဆွန်က ပြောသည်။
“အခုကျနော်တို့ ပူတာအိုမှာတရားဝင်တွေ စတော့မယ် ကျနော်တို့ ဒီမြေနေရာတွေ ဝယ်ပြီးမှ။ အခုသူတို့က မပြန်ရဲဘူး။ သူတို့မူလနေရပ်ပြန်ရင် သူတို့အတွက်စိုးရိမ်စရာတွေရှိလို့ သူတို့က Resettlement (ပြန်လည်နေရာ ချထားရေး) ကို တောင်းတော့ ကျနော်တို့က အစိုးရနဲ့ ညှိပြီးမှလုပ်တာ” ဟု ပြောသည်။
စစ်ရှောင်များအနေဖြင့် မူလဒေသသို့ ပြန်လည်နေထိုင်ရန် လုံခြုံမှုမရှိ သေးသလို လက်ရှိနေထိုင်ရာ နေရာတွင်လည်း မြေနေရာအခက်အခဲရှိလာနေသည့်အတွက် မြေနေရာ တစ်ခု စီစဉ်ပေးရေး ပြည်နယ်ဝန်ကြီးချုပ် နှင့် အစိုးရထံတင်ပြပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ထံ ယခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့က တောင်းဆိုထား ခဲ့သည်။
ထိုတောင်းဆိုချက်ကြောင့် KBC နှင့် KHCC တို့ က အစိုးရထံတင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု သိက္ခာတော်ရ ဆရာ ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။
“သူတို့နေမယ့် နေရာကတော့ အခု ပူတာအို နဲ့ ဒီ မချမ်းဘောကြားမှာရှိတဲ့ ဇီတန်ရွာရဲ့ ဘေးမှာ ကျနော်တို့ ရွေး ထားတာ ဖြစ်တယ်။ အခုကျနော်တို့ မနေ့တုန်းကတော့ မြေစာရင်းနဲ့ မြေတွေ တိုင်းနေပြီ ဆိုတော့ ဟိုကျနော် ထင်တယ် ဆောက်လုပ်ရေးလုပ်ငန်းကတော့ သုံးလေးလတော့ ကြာမယ်ထင်တယ်” ဟု ပြောသည်။
စစ်ရှောင်များအား နေရာချထားပြီးနောက်တွင် အချိန်တခုအထိ ဆက်လက်ကြည့်ရှု ထောက်ပံ့သွားမည်ဖြစ် ကြောင်း KHCC က ပြောသည်။
“ကျနော်တို့ KHCC ပေါ်လစီက နေရပ်ပြန်တယ်ဆိုတာ ၂ နှစ်၊ ၃ နှစ်ပေါ့ ဆက်ပြီးတော့ အထောက်အပံ့ရရှိပြီး သူတို့ရဲ့ဘဝဆက်လက်သွားဖို့ ရည်ရွယ်တဲ့ နေရပ်ပြန်ခြင်းဖြစ်တယ်။”
ပူတာအိုမြို့၊ လုံစွတ်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များသည် ပူတာအို ခရိုင်အတွင်းရှိ မချမ်းဘော၊ ပူတာအို နှင့် ခေါင်လန်ဖူးမြို့နယ်တို့မှ မပြုံးကျေးရွာ၊ အင်ခါးဂါကျေးရွာ၊ အင်ဖျီဂါကျေးရွာ၊ ဖကန်းကျေးရွာ နှင့် နှင်းတန် ဂေါင်ကျေးရွာတို့ မှ ရွာသားများဖြစ်ကြသည်။
အဆိုပါနေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း မရှိသော်လည်း ယနေ့အချိန်ထိ အစိုးရတပ်မှ ၎င်းတို့၏ ကျေးရွာများ အနီးတွင် နေရာယူထားသည်ဟု သိရသည်။
လုံးစွတ်စစ်ရှောင်စခန်း တာဝန်ခံ ဦးဖုန်ထိန် က “ကျနော်တို့ အတွက်က စစ်လည်းမဖြစ်ဘူး၊ အဆင်ပြေပြီ၊ ငြိမ်း ချမ်းပြီလို့တော့ ပြောလို့မရဘူးလေနော်။ အခုထိ ရှိနေတုန်းဆိုတော့ အဓိကတော့ အဲဒါကြောင့်ပါ။ တကယ်လို့ အဲဒါမရှိဘူးဆိုရင် တချို့တွေတော့ ပြန်ချင်ပြန် ကြမယ်ပေါ့နော် ဒီရွာအဟောင်းဘက်ကို။ ဒါပေမယ့် အဲဒီ စစ် တပ် စခန်းတွေရှိနေတော့ သူတို့လည်း မပြန်ဖြစ်တာ အဓိကတော့ အဲဒါကြောင့်ပါ” ဟု ပြောသည်။ “ဒီနေရာ သိပ်ပြီး အဆင်ပြေတဲ့နေရာမဟုတ်ပေမယ့် ဒီထက်ပိုပြီး အဆင်ပြေတဲ့နေရာတော့ ရဖို့ခက်တယ်။ မြို့ နဲ့ ၁၀ မိုင် ကျော် လောက်ဝေးမယ်။ သိပ်တော့ အဆင်ပြေမယ့် နေရာတော့မဟုတ်ဘူး။ စားဝတ်နေရေး အတွက်တော့ တော် တော်လေးခက်မယ့် ပုံပဲ။”ဟုပြောသည်။
ယခု KHCC မှ စီစဉ်ပေးသည့်နေရာသည် လက်ရှိနေထိုင်သည့် လုံစွတ်ရပ်ကွက် စစ်ရှောင်စခန်းနေရာ နှင့် ၁၀ မိုင်ကျော်ခန့် ဝေးသည်ဟု စစ်ရှောင်များက ပြောသည်။ စစ်ဘေးရှောင်များ ပြန်လည်အခြေချ နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေသော်လည်း စစ်ရှောင်များ အနေဖြင့် စိုးရိမ်မှု အချို့ ရှိနေသည်ဟု ဦးဖုန်ထိန်က ဆက် ပြောသည်။
“အခုနေရာချထားမယ့် နေရာက စိုက်ပျိုးရေးအတွက် အဆင်ပြေမယ့်ပုံမပေါ်ဘူး။ မြေသြဇာ မကောင်းဘူး။ အဲ့တော့ စားရေးသောက်ရေးအတွက် ခက်ခဲမယ့်ပုံပေါ်တယ်။ ဖြစ်နိုင်ရင် အခုကူညီနေတဲ့ ဘယ်အဖွဲ့အစည်းမဆို အိမ်ဆောက်ပေးတာမျိုးပဲ မဟုတ်ပဲ စားဝတ်နေရေးအတွက်ပါ ပိုပြီးထောက်ပံ့ပေးမယ်ဆိုရင်တော့ အဆင်ပြေ မယ်လို့ ယုံကြည်တာပေါ့။ အဲ့လိုလိုချင်တာပေါ့နော်။”
ထို့အပြင် လုံးစွတ် စစ်ရှောင်စခန်းမှ ဒေါ်ချန်ဆား ကလည်း “အခု ကျမတို့လည်း အဲမှာ နေရာပြန်ချထား ပေး မယ် ပြောတာလည်း နှစ်ပေါင်းများစွာ ဖြစ်ပြီပေါ့နော်။ အဲဆိုတော့ အခုတောင်မှ သေချာပါ့မလား။ အဲလိုပဲ ကျမ တို့က ခံယူတာလေ နော်။ အဲကြောင့် တကယ်လို့များ အဲဒီ နေရာချထားမယ့် နေရာက ဟိုဘက် ဒီဘက် အဲ့ရွာ တဝိုက်က ရွာသားတွေ ဒေသ ခံတွေနဲ့ အဆင်ပြေအောင် အဲလိုလုပ်ပေးတာလား။ ဒါမှ မဟုတ်ရင် အဲ့မှာနေတဲ့ အချိန်မှာ ရှုပ်ရှုပ် ထွေးထွေးများ ဖြစ်လာမလား ဆိုပြီးတော့မှ အဲဒီဟာတွေ ကျမတို့က အရမ်းစိတ်ပူနေ ကြ တယ်” ဟု ပြောသည်။
လုံးစွတ်စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များထဲမှ အချို့မှာ ၂၀၁၃ ခုနှစ်ကတည်းက ၎င်းတို့၏ နေရပ်ကျေးရွာ များနှင့် အနီးအနားတဝှိုက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့အကြား ဖြစ်ပွားခဲ့ သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ထွက်ပြေးလာကြခြင်းဖြစ်သည်။
အချို့မှာ ၂၀၁၅ ခုနှစ်တွင် ထပ်မံထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်။