မိုးရာသီဝင်သော်လည်း ရခိုင်မြောက်ပိုင်းတိုက်ပွဲများ ဆက်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်တို့အတွင် ဇွန်လ တတိ ယ အပတ်အတွင်း တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအချို့လည်း ဒဏ်ရာ ရရှိခဲ့ သည်ဟု သိရသည်။
ဇွန်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဆက်တိုက် ပစ်ခတ်မှုများ၊ တိုက်ပွဲများ ရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောသည်။
“ကျနော်တို့ မနေ့က ကျောက်တော်မြို့နယ် အပေါက်ဝမှာ ဖြစ်ခဲ့တာရှိတယ်။ နောက်ပြီး ပုဏ္ဏားကျွန်း ကျောက် ဆိပ်ကျေးရွာနားမှာ ဖြစ်တာရှိတယ်။ နောက်တစ်ခါ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာကြား အဲ့မှာ ဖြစ် ခဲ့တာ ရှိတယ်။ အုန်းချောင်းကျေးရွာမှာဖြစ်တာရှိတယ်။ မြောက်ဦးမြို့နယ် ဝေသာလီနဲ့ ပေါက်တောပြင်ကြားမှာ လည်း ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ကြားတယ်။ တိုက်ပွဲအကြီးတွေတော့မဟုတ်ဘူး။ တချို့ ပစ်ခတ်မှု ဖြစ်ခဲ့တာ တွေ များတယ်။”
ယမန်နေ့ (ဇွန်လ ၂၁ ရက်နေ့) က ကျောက်တော်မြို့နယ်အတွင်းက ပစ်ခတ်မှုအတွင်း ဒေသခံအမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။
“မနက်ပိုင်း ရး၄၀ လောက်မှာဖြစ်တာ။ ကျောက်တော်မြို့ တောင်ဘက် ကုလားတန်မြစ်ရဲ့ အနောက်ဘက်၊ အပေါက်ဝရဲ့ မြောက်ဘက် အနီးမှာဖြစ်တာ။ ကျောက်တော်နဲ့ဆိုရင်တော့ ၉ မိုင်ကျော်လောက်ရှိမယ်ထင်တယ်။ တိုက်ပွဲတော့ မဟုတ်လောက်ဘူး။ ပေါက်ကွဲမှု တစ်ခုခုကြောင့် သူတို့ ရမ်းသမ်းပစ်ခတ်တာမျိုး ဖြစ်နေတယ်။ အဲ့နားမှာလည်း ရွာတွေရှိတယ်။ သဇင်ခေါ် ကာတီရွာပေါ့၊ ပြီးတော့ အပေါက်ဝ အုန်းကြိုး၊ ရင်းဒါးကျေးရွာပေါ့။ ဒီရင်းဒါးရွာက အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ဒဏ်ရာရတာရှိတယ်လို့ ပြောလာတယ်။ ဆက်တိုက်ပစ်ခတ်မှုတွေဖြစ်နေတာ။ ၂၀ ရက်နေ့ ညဘက် ၁၀ နာရီကျော်လောက် သကြားစက်ဘက်မှာ သူတို့ ပစ်နေတာတွေလည်းရှိတယ်။”
ဒဏ်ရာရရှိခဲ့သူများအား ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က ပြောသည်။
ဇွန်လ ၁၉ ရက်နေ့ ဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ကြောင့် ခရီးသည်ယာဉ်တချို့ထိမှန်ပြီး ယာဉ်ပေါ်မှာ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာခဲ့ပြီး မြစ်တစ်ဖက်ခြးသို့ စက်လှေဖြင့် ထွက်ပြေးကြသည့် ရွာသားများ၏အား လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်သည့် ဖြစ်စဉ်များရှိ ခဲ့သည် ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
ထို့အပြင် ရသေ့တောင်မြို့နယ်အတွင်း ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံခဲ့ရသည်ဟု သိရသည်။
အကူအညီပေးနေသူ ဒေသခံအရပ်ဘက်အဖွဲ့အစည်းက အမည်မဖော်လိုသူတစ်ဦးက “အဲ့တုန်းက ဖြစ်တာ တော့ ဒီ ကျောက်တန်း၊ အုန်းချောင်းပေါ့ အဲ့နားမှာဖြစ်တာ။ လူဦးရေ တစ်ထောင်ကျော်လောက်က ထွက်ပြေး ရတယ်။ စာရင်းအတိအကျတော့ ကောက်ရခက်တယ်ဗျ။ ဒီ အုန်းချောင်းကျေးရွာနာက လူတွေပေါ့။ ရေဇိုး ချောင်း ပတ်ဝန်းကျင်က ရွာတွေဆိုရင် နေလို့မရတော့ဘူး။ အကုန်ထွက်ပြေးရတာ။ မြို့ပေါ်ကို ရောက်လာတာ တွေလည်း ရှိတယ်။ အခုထိမပြန်ရဲသေးဘူး။ အားလုံးက ကြောက်နေရတာ” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အချို့တွင် ယခုကဲ့သို့ တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသော်လည်း ပြီး ခဲ့သည့် လများနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားသည့် အနေအထားမျိုးတွင် ရှိသည်ဟု ဦးဇော်ဇော်ထွန်း က ပြောသည်။
“တိုက်ပွဲတွေ လျော့ကျသွားတာက မိုးရာသီဆိုရင် လေကြောင်းပစ်ကူတွေ အားနည်းသွားတာရှိတယ်။ နောက် ပြီး မိုးအရမ်းရွာလို့ရှိ မြစ်ချောင်းတွေက ရေကြီးတယ်၊ အဲ့လိုဆိုရင် တပ်မတော်က ရေလမ်းသွားလာဖို့ ခက်ခဲတာ တွေရှိတယ်။ အဲ့ဒီအခါမှာ တချို့ မြို့တွေမှာ တပ်မတော်ထိုးစစ်တွေ အားနည်းသွားတာမျိုး အဲ့လိုအခြေအနေ ရှိ တယ်။ ဒီလိုအခြေအနေကြောင့် တိုက်ပွဲတွေလျော့ကျသွားတာမျိုးလားဆိုတာမျိုး သုံးသပ်တာရှိပါတယ်။”
ရခိုင်မြောက်ပိုင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်နှင့် ရက္ခိုင့်တပ် တော် AA တို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဇွန်လတတိယအပတ်တွင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့တို့ မှ အဖွဲ့ဝင်များ အသတ်ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။