ရခိုင်မြောက်ပိုင်း စစ်ရှောင်ဒုက္ခသည်နှင့် ရွာလူထု ရိက္ခာ အခက်အခဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းအချို့ နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ကျေးရွာအချို့ စားနပ် ရိက္ခာများပြတ်ပြီး အခက်အခဲဖြစ်နေရသည်ဟု သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြေပုံ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် အမ်းမြို့နယ်များရှိ စစ်ဘေး ရှောင်များ ရိက္ခာပြတ်လပ်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောသည်။
“မြေပုံမှာဆိုရင် ကိုင်းကြီး၊ ကျီးကောင်းတောင်၊ ရေရှင်တို့၊ ရက်ချောင်း၊ စညင်းလည်းပါတယ်။ တော်တော် ခက်ခဲ နေတယ်။ ဘူးသီးတောင်မှာဆိုရင် ရပ်ကွက်လေးမှာ ရှိတဲ့စခန်း၊ သူကတော့ မြို့ပေါ်မှာရှိပေမယ့် အစိုးရက အသိအမှတ်မပြုပေးသေးတော့ နိုင်ငံတကာလည်းမရောက်ဘူး။ အစိုးရလည်း မရောက်ဘူး။ ရသေ့တောင်မှာ ဆိုရင် ပြောချောင်းကြီးဆိုတဲ့စခန်းပေါ့နော်။ နောက် ပုဏ္ဏားကျွန်းမှာဆိုရင် ဖားကြွယ်ဝ၊ အထက်သင်းပုန်းတန်း စခန်း တွေမှာ စားနပ်ရိက္ခာအရမ်းကို ပြတ်လပ်ခက်ခဲနေတယ်။ နောက်ကျောက်တော်မှာဆိုရင် ရွာမပြင်နဲ့ ညောင် ချောင်းစခန်းတွေမှာ ခက်ခဲနေတယ်လို့ ကျနော်တို့ သိထားတယ်ခင်ဗျ။” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။
“အမ်းမြို့နယ် ဒလက်ချောင်းမှာ ရှိတဲ့ ကျေးရွာ ၄၀ ကျော်လောက်မှာလည်း တိုက်ပွဲတွေဖြစ်နေတာ့ တပ်မတော်က သွားလာမှု ပိတ်ဆို့ထားလို့ စား ဝတ်နေရေး အခက်အခဲဖြစ်နေတယ်ဗျ။” ဟု သူက ဆက်ပြောသည်။
နေ့စဉ်နှင့်အမျှဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ပစ်ခတ်မှုများ၊ စစ်ရေးတင်းမာမှုများကြောင့် ယခုလထဲတွင်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရသူများရှိသည်ဟု ဒေသခံများနှင့် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်း များက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “စစ်ရှောင်တွေက အခက်အခဲ တွေကများကြီးပေါ့၊ ရိက္ခာကတော့ နံပါတ်တစ်ပါပဲ။ တချို့ရွာတွေဆိုရင် ပြီးခဲ့တဲ့ နှစ်ကတည်းက ပြေးနေရတော့ ရိက္ခာတွေ မရိတ်သိမ်းခဲ့ရဘူး။ ရွာမှာ ကျန်ခဲ့တာတွေလည်း အဖျက်ဆီးခံခဲ့ရတယ်။ အဝတ်တစ်ထည် ကိုယ် တစ် ခုနဲ့ ပြေးလာကြတော့ ဒုက္ခသည်စခန်းရောက်တော့ ရွာတွေက ကျွေးတာပဲ မှီခိုရတာ။ အစိုးရက ပေးတာနည်း နည်း။ WFP တို့ ICRC တို့က လည်း မရောက်ဘူး။ ဖားကြွယ်ဘက်တွေဆိုရင် သွားရေးလာရေးခက်ခဲတယ်။ လမ်းတွေပိတ်ထားတယ်။ သူက ရေလမ်းပဲရှိတာလေ။ တပ်က ပိတ်ထားတော့ ဘယ်သူမှ မသွားရဲကြဘူး။ အဲ့က ရွာတွေလည်း စားနပ်ရိက္ခာ မကျန်တော့ဘူးပြောတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များသာမက ၎င်းတို့အား လက်ခံပေးထားသည့် ကျေးရွာများတွင်လည်း ရိက္ခာများ ပြတ်လပ် လာ နေသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူ မြေပုံ ဒေသခံတစ်ဦး က ပြောသည်။
“စားဝတ်နေရေးကတော့လေ ရခိုင်မှာက စစ်ဘေးရှောင်တွေ အကုန်လုံးတောင်မကပဲ စစ်ဘေးရှောင်တွေကို လက်ခံထားထဲ ကျေးရွာတွေကအစ အစားအစာ ပြတ်လပ်တာ၊ စားနပ်ရိက္ခာချို့တဲ့တာတွေက ရှိနေတာပဲ။ ဒါပေ မယ့် ဒီအထဲမှာက နည်းနည်းအဆင်ပြေတာက မြို့ပေါ်က စခန်းအနည်းအကျဉ်းလောက်ပဲရှိတယ်။ လုံးဝပြတ် နေတဲ့နေရာတွေကတော့ စခန်းလိုက်ရှိတယ်။”
မြေပုံမြို့နယ်ဘက်က အခြေအနေနှင့် ပတ်သက်၍ “မြေပုံဘက်မှာဆိုရင် မတ်လ ဒုတိယအပတ်ကတည်းကနေ နိုင်ငံတကာ အဖွဲ့အစည်း တွေလည်း မရောက်ဘူး။ အစိုးရအဖွ့ဲအစည်းတွေလည်း မရောက်ဘူးလို့သိရတယ်။ အကုန်လုံးတော့ မဟုတ် ဘူူးပေါ့နော်။ မြို့ပေါ်စခန်းတွေ ကိုတော့ ရောက်တယ်။ ဆန်တစ်ခုထဲပဲ အနည်းငယ်ရှိ တယ်။ ကျန်တာမရှိဘူး ဖြစ်နေတယ်။ လောလောဆယ် အနားကရွာတွေကပဲ ရှိတာကို မျှပြီးကျွေးနေတယ်လို့ သိရတယ်။ နောက် တခြားဒေသခံအဖွဲ့အစည်းတွေက အလှူငွေလေးတွေကောက်ပြီး ထောက်ပံ့ပေးနေတာ လေးတွေ ရှိတယ်။ ဒီလိုမျိုးနဲ့ ဖြစ်သလို စားသောက်နေရတဲ့ အခြေအနေရှိပါတယ်” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
မိုးတွင်းရောက်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲအပြင် COVID-19 ကာလ ကန့်သတ်ချက်များ ကြောင့်ပါ စစ်ရှောင်များထံ ရိက္ခာများ အချိန်မှီ မရောက်လာခြင်းဖြစ်သည်ဟု “ရာသီဥတုဆိုးရွားနေတာရယ်၊ တိုက်ပွဲတွေရှိနေသေးတာရယ်၊ နောက် COVID ကာလမှာ နိုင်ငံတကာ အဖွဲ့ အစည်းတွေ လုပ်ငန်းလုပ်ဆောင် မှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုဖြစ်နေတာရယ်ကြောင့်ပေါ့နော် ဒါမျိုးတွေကြောင့် ဖြစ်ပါတယ်” ဦးဇော်ဇော်ထွန်း က ဆက် ပြောသည်။
စားနပ်ရိက္ခာပြတ်နေသည့် စစ်ရှောင်စခန်းအများစုမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသည့် နေရာ များရှိ စခန်းများနှင့် အစိုးရ အသိအမှတ်မပြုသေးသည့် စစ်ရှောင်စခန်းများ ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
အဆိုပါအခက်အခဲများကို အစိုးရအနေဖြင့် စီမံဆောင်ရွက်ပေးသင့်သည်ဟု ဦးခင်မောင်လတ်က “အဓိကတော့ အစိုးရမှာပဲ တာဝန်ရှိတာလေ။ ဖြေရှင်းပေးရမှာပေါ့။ ဥပဒေတွေလည်းရှိတာပဲလေ။ ပြီးရင် လူ ကယ်ပြန်မှာလည်း လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိတာပဲ။ စားဝတ်နေရေး အဆင်ပြေအောင်တော့ လုပ်ပေးရမှာပဲ။ အဓိကတော့ ရိက္ခာပေါ့ဗျာ။ ပုဏ္ဏားကျွန်းရဲ့ ချောင်းဖျားဒေသတွေက သွားရေးလာရေး အရမ်းခက်ခဲတာ။ ချောင်းဝမှာက စစ် တပ်ရှိတယ်။ AA တွေလည်းရှိတယ်လေ။ အဓိကတော့ အစိုးရက ပိုရင်ရတာပဲလေ။ ဘယ်သူက တားဆီးမှာ လဲနော်။ အစိုးရက ထိထိရောက်ရောက်လုပ်ပေးဖို့ပဲ။ ဟို ပလက်ဝဘက်ကို ပို့သလိုမျိုးပေါ့။ အဲ့လို စီစဉ်ပြီးပို့ ပေးရင်ရပါတယ်” ဟု ဆက်ပြောသည်။
ရခိုင် စစ်ဘေးဒုက္ခသည်များအနေဖြင့် စားနပ်ရိက္ခာမလုံလောက်ခြင်း၊ စာသင် ကျောင်းများတွင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည်များမှာ လက်ရှိနေရာမှ ဖယ်ရှားခံရတော့မည်ဖြစ်သော်လည်း ခိုလှုံရန်နေရာသစ်အဆင်သင့် မရှိဘဲ နေစရာအရေးပေါ် လိုအပ်နေခြင်း၊ ယခင်နှစ်ကဆောက်လုပ်ခဲ့သည့် ယာယီတဲများ ပြန်လည်ဆောက် လုပ်ရန် လိုအပ်နေပြီ ဖြစ်သော်လည်း အလှူရှင်မရှိခြင်း စသည့် အခက်အခဲများလည်း ကြုံနေရသည်ဟု REC က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၁၅၆၄၅၆ ဦး ရှိသည်ဟု ဇွန်လ ၈ ရက်နေ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။