ပြည်နယ်တိုင်း ၅ ခုတွင် မွန်ညီညွတ်ရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဇွန်လ ၂၇ ရက်။

မွန်ညီညွတ်ရေးပါတီက လာမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

ယခင် ရွေးကောက်ပွဲများတွင် မွန်ပါတီများ အနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နောက်ထပ်တိုင်းဒေသကြီးနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောသည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က “ပဲခူးနဲ့ ရန်ကုန်မှာလည်း မဲဆန္ဒနယ် တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ဝင်ပြိုင်ဖို့ရှိတယ်။ ဘယ်မြို့ နယ်လဲ ဆိုတာကတော့ မရွေးချယ်ရသေးဘူး၊ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်တုန်းကတော့ မွန်ပါတီအနေနဲ့က ပဲခူးနဲ့ ရန်ကုန်မှာ ဝင်ပြိုင်ခဲ့တာမရှိခဲ့ဘူး” ဟု ပြောသည်။

၂၀၂၀ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်နှစ်ခုဖြစ်သည့် မွန်နှင့်ကရင်၊ တိုင်းဒေသကြီး များဖြစ်ကြသည့် တနင်္သာလရီ၊ ပဲခူးနှင့် ရန်ကုန်တို့တွင် ရွေးကောက်ပွဲဝင်ရန် ရှိသည်ဟု နိုင်စံတင် က ပြော သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မြို့ နယ် ၉ မြို့ နယ်၊ ကရင်ပြည်နယ် တွင် ၄ မြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄ မြို့ နယ်နှင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မြို့ နယ် တစ်မြို့ နယ်စီ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်။

မွန်ညီညွတ်ရေးပါတီသည် လက်ရှိတွင် ကိုယ်စားလှယ်လောင်းရွေးချယ်ရေး လုပ်ဆောင်လျက်ရှိကာ ကိုယ်စားလှယ်လောင်းများကို ဇူလိုင် လကုန်တွင် အပြီးသတ်ရွေးချယ်သွားမည် ဟုပြောသည်။

ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရွေးဆွဲ ဆောင်ရွက် မည်ဟုလည်း ပါတီခေါင်းဆောင်များ က ပြောသည်။

မွန်ပြည်သူတစ်ရပ်လုံးက လိုလားနေသည့် မွန်တစ်ပါတီတည်းပေါင်းစည်းနိုင်ရေး ဖြစ်ပေါ်လာပြီ ဖြစ်သည့် အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်သူအများစုရှိသည့် မဲဆန္ဒနယ်မြေများတွင် မွန်ညီညွတ်ရေး ပါတီကသာ အနိုင်ရရှိလိမ့်မည်ဟု မွန်ပါတီခေါင်းဆောင်များနှင့် မွန်ပြည်သူများ က မျှော်မှန်းထားကြသည်။

မော်လမြိုင်မြို့က နိုင်မောင်ကြည် က “မွန်တစ်ပါတီပဲ ဖြစ်သွားပြီဆိုတော့ လာမယ့် ရွေးကောက်ပွဲကတော့ ဘယ်လိုပဲပြောပြော ၂၀၁၅ ထက်တော့ ရလာဒ်ကောင်းမယ်လို့ မြင်တယ်၊ နေရာအတော်များများမှာ မွန်ပါတီ အနိုင်ရဖို့ အလားလာရှိနိုင်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့ က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။

မွန်ညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေး ပါတီ တစ်ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မှတ်ပုံတင်ခွင့်ပြု ထားသည့် ပါတီဖြစ်သည်။