နယ်မြေရှင်းလင်းရေး ရုတ်သိမ်းကြောင်း သတင်းမရသဖြင့် ဒေသခံများ ဆက်လက်ထွက်ပြေးနေကြဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဆိုသည့် ထုတ်ပြန်ချက်ကို ပြန်လည်ရုတ်သိမ်းလိုက် သော်လည်း ဒေသခံများမှာ ကြောက်လန့်ကာ စစ်ဘေးလွတ်ရာသို့ ဆက်လက်တိမ်းရှောင်နေဆဲ ဖြစ်သည်။
ဇွန်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ကျေးရွာများမှ ခေတ္တ တိမ်းရှောင် ပေးရန် တပ်မတော်က ထုတ်ပြန်ခဲ့သည်။
သို့သော် ဇွန်လ ၂၆ ရက်နေ့တွင် အဆိုပါ ထုတ်ပြန်ချက်ကို တပ်မတော်က ပြန်လည် ရုတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့သော်လည်း အင်တာနက် ပိတ်ထားခံရသည့် ဒေသခံများမှာ ထိုထုတ်ပြန်ချက်ကို သိရှိခြင်း မရှိသည့်အတွက် ဆက်လက်ထွက် ပြေး လာကြဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးသူ တစ်ဦးဖြစ်သည့် ကိုဘက္ကာ က ပြော သည်။
“အခုပြေးနေကြတဲ့ စစ်ဘေးရှောင်တွေကလည်း အဲ့လိုအခြေအနေကို မသိဘူးလေဗျာ၊ ဘာကြောင့်မို့လည်း ဆိုတော့ ကျတော်တို့ရသေ့တောင်မြို့ နယ်ရော ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့တော်တော်များများက အင်တာ နက်လိုင်း အပိတ်ခံထားရတယ်လေ။ အဲဒါကြောင့် စစ်ဘေးရှောင်တွေက ပြေးနေရတယ်။ ဆိုတော့ဗျာ တီဗွီ၊ သတင်း ကြည့်ဖို့သူတို့က အချိန်မရှိဘူး။ နောက်ပြီးတော့ ဒီဖုန်းပါလို့ရှိရင်လည်း လိုင်းဖွင့်ကြည့် ဖို့ဆိုတဲ့ အခါ ကျတော့လည်း အင်တာနက်ကပိတ်ထားတာ အဲဒီအခြေအနေ ကို သူတို့ မသိဘူးဗျ ထွက်ပြေးနေကြတုန်း ပဲ။”
နယ်မြေရှင်းလင်းမည်ဆိုသည့် တပ်မတော်၏ ထုတ်ပြန်ချက်ကြောင့်သော်လည်းကောင်း၊ ဒေသအတွင်း တိုက်ပွဲများအပြင် ကျေးရွာများအတွင်းနှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု များ ကြောင့်သော်လည်းကောင်း ကျောက်တန်း တိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေး လွတ်ရာသို့ ဆက်လက်တိမ်း ရှောင်နေကြပြီး လက်ရှိတွင် စစ်ရှောင်ဦးရေ သောင်းနှင့် ချီရှိလာနေသည်ဟု အကူအညီပေးနေသည့်အဖွဲ့ များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
တပ်မတော်မှ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဆိုသည့် ထုတ်ပြန်ချက် ပြန်လည်ရုတ်သိမ်းလိုက်သည့်အပေါ် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်း အရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ယခုကဲ့သို့ ပြောသည်။
ဦးဇော်ဇော်ထွန်းက “ဒီလ ထုတ်ပြန်ပြီးတော့ ပြောတာမတိုင်ခင်တည်းက ဒီနယ်မြေရှင်းလင်းမှုတွေက တိုက် ပွဲရှိတယ်။ တိုက်ပွဲမဟုတ်ပဲနဲ့ ဒီရပ်ရွာတွေကို ဝင်ရောက်စီးခဲ့တာ၊ ဖမ်းဆီးတာ၊ မသင်္ကာလို့ရှိရင် မသင်္ကာသ လို့ ဖမ်းဆီးရိုတ်နှက်တာတွေ ရှိနေသေးတာပေါ့၊ ဒီထုတ်ပြန်ချက်က ထုတ်ပြန်သည်ဖြစ်စေ တရားဝင်သည် ဖြစ်စေ ဒီရသေ့တောင်နဲ့တခြားမြို့နယ်တွေက ဒေသတွေထဲမှာ ဆက်ရှိနေသေးတယ်ဆိုတာ ကျတော်တို့ သိရတယ်ပေါ့နော်။ အဲတော့ကျတော်တို့တွေက ဘာဖြစ်ချင်သလဲဆိုတော့ ဒီထုတ်ပြန်ချက်ကိုရုတ်သိမ်း တာနဲ့ အတူတူ ဒီကျေးရွာသားတွေကို ထိခိုက်နစ်နာစေတဲ့ စစ်ဆင်ရေးလုပ်ရပ်မျိုးတွေကို ထပ်မလုပ်ဖို့ ဒါက လည်း အရေးကြီးတယ်ပေါ့နော်” ဟု ပြောသည်။
ထိုထုတ်ပြန်ချက်အတိုင်း မြေပြင်တွင်လည်း လက်တွေ့ အသက်ဝင်ရန် လိုသည်ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။
“အဲ့လိုမျိုးမဟုတ်ပဲနဲ့ စာပေါ်မှာပဲ ပါပြီးတော့မှ တကယ့်တကယ်မှာ နယ်မြေရှင်း လင်းရေးနဲ့ ဒေသခံတွေကို နေရပ်စွန့်ခွာထွက် ပြေးစေတဲ့ ၊ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးတွေ ထပ်ပြီးလုပ်နေလို့ရှိရင် ဘာမှမထူးဘူး လေနော်။ အဲ့တော့ ဒီရောက်ရှိနေတဲ့ ဒေသတွေမှာ စစ်ဆင်ရေးတွေကို လုပ်တဲ့အခါမှာအရပ်သားတွေကို ထိခိုက်မှု မရှိစေဖို့၊ နေရပ်စွန့်ခွာမပြေးစေဖို့ အရမ်းအရေးကြီးတယ်ဆိုတာတော့ ပြောချင်ပါတယ်။”
လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား ရခိုင်ပြည်နယ် နေရာတော်တော်များ များနှင့် ချင်း ပြည်နယ် ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ များ မှာလည်း နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများ က ပြောသည်။
ထိုအခြေအနေများကို အဆုံးသတ်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အ စည်းများအနေဖြင့် အမြန်ဆုံး တွေ့ဆုံဆွေးနွး အဖြေရှာရန် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်းသည်။
“ကျမတို့အနေနဲ့ကတော့ပေါ့နော် နှစ်ဦးနှစ်ဖက် နိုင်ငံရေးသိက္ခာရှိရှိနဲ့ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေး ဖို့ပေါ့ အရမ်းအရေး ကြီးပါတယ်။ သူဘာလိုချင်လည်း ကိုယ်ဘာပေးနိုင်သလဲပေါ့နော် အဲ့ဒါကိုလုပ်ပေးနိုင်ဖို့ လိုပါတယ်။ ကျမတို့ဒီဘက်က AA လက်နက်ကိုင်အနေနဲ့လည်း သူတို့လိုချင်နေတဲ့အတွက် တိုက်တယ်။ အဲ့တော့သူတို့လိုချင်နေတဲ့ဟာကို ဘယ်အတိုင်းတာထိ ပေးနိုင်သလဲဆိုတဲ့ အဖြေတခုတော့ ညှိနှိုင်းဖို့ လိုတယ်။ ငြိမ်းချမ်းရေးရမှပဲ ကျမတို့ အခုအကုန်လုံး လက်ရှိ ဒုက္ခရောက်နေတဲ့သူတွေလည်း ဒီဒုက္ခက ကင်းဝေးမယ်လို့ ကျမပြောချင်ပါတယ်။”
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီးက ကျောက်တန်းတိုက်နယ်အတွင်းရှိ ကျောက် တန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို နယ်မြေရှင်လင်းရေး ပြုလုပ်မည်ဟု ထုတ်ပြန်ပြီးနောက် အဆိုပါဒေသရှိ ဒေသခံများမှာ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း မြို့နယ်များအတွင်းရှိ နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်နေကြသည် ဟု သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားရေးသောက်ရေးနှင့် နေထိုင်ရန် နေရာအခက်အခဲများနှင့် ကြုံနေရ သည်ဟု လူမှု့ ကူညီရေး အသင်းအဖွဲ့များက ဆိုသည်။