ပိတ်ဆို့မှုများကြောင့် COVID-19 ကာလအတွင်း KNU တပ်မဟာ ၅ စစ်ရှောင်များ ရိက္ခာ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။

တပ်မတော်နှင့် စစ်ရေးတင်းမာမှုရှိနေသည့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအ တွင်းက ဒေသခံများ COVID- 19 ကာလအတွင်း စားနပ်ရိက္ခာ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည်ဟု တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC က ပြောသည်။

အထူးသဖြင့် KNU တပ်မဟာ ၅ နယ်မြေရှိ အီတူးထ ပြည်တွင်းစစ်ရှောင် စခန်းသည် COVID- 19 ကာလ အတွင်း ရိက္ခာပြတ်လပ်သည့် အခြေအနေနှင့် ကြုံနေရသည်ဟု EHC က ပြောသည်။

တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ် မူတြော်ခရိုင် COVID- 19 တုန့်ပြန်ရေး ကော်မတီ ပံ့ပိုးမှု အဖွဲ့ (COVID-19 respond committee supporting Group) ၏ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည့် ပဒိုမန်းမန်းက အီတူးထ ဘက် က အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“မူတြော်ခရိုင် ဖာပွန်ခရိုင်ကတော့ မတ်လ ၂၀ ရက်နေ့က ကနေစပြီးတော့ Lockdown လုပ်လိုက်တယ်။ နောက်တစ်ဆက်တည်းမှာ ကျနော်တို့ ဒီခရိုင်နဲ့ ဆက်စပ်တဲ့ ထိုင်းဖက်ကမ်းပေါ့ ထိုင်းနိုင်ငံဖက်ကမ်း သံလွင် မြစ်ကြောင်း တစ်လျှောက် ထိုင်းဖက်ကလည်းပဲ ဒီနယ်စပ်မြို့တွေကို Lockdown လုပ်လိုက်တာကတော့ မတ်လ ၂၁ ရက်ပေါ့ဗျာ။ အဲလိုမျိုး ဖြစ်တဲ့ကာလမှာကတော့ ကျနော်တို့ ကုန်ဈေးနှုန်းမြှင့် တက်သွားကို ကျနော်တို့ တွေ့ သွားတယ်။ ဒီအပေါ်မှာ ကျနော်တို့ ပြန်ပြောရရင်တော့ မတ်လကနေ လကုန် မေအထိက လုံးဝကို ပိတ်ဆို့ တဲ့ အတွက် တော်တော်လေး အခက်ခဲ ဖြစ်သွားတယ်။ အထူးသဖြင့် အီတူးထစခန်းလို ဒုက္ခသည်စခန်းက ထိုင်း ဖက်ရဲ့ အကူအညီပေါ့ဗျာ။ ဒီတသီးပုဂ္ဂလရဲ့ အကူအညီကို လက်ခံယူရတဲ့ IDPs လူထုဖြစ်တဲ့အတွက် သူတို့ကတော့ ပိုပြီးတော့ ကြပ်တည်းသွားတယ်။”

ဧပြီၤလဆန်းမှစတင်၍ ကရင်အမျိုးသမီးအဖွဲ့ KWO နှင့် ထိုင်း ဘက်ခြမ်းရှိ အခြားသော အရပ်ဘက်အဖွဲ့အစည်း အချို့၏ အကူုအညီများကြောင့် ရိက္ခာ အခက်အခဲကို အနည်းငယ် ဖြေရှင်း နိုင်ခဲ့သည်ဟု ပဒိုမန်းမန်း က ဆက်ပြောသည်။

“သို့သော်လည်းပဲ ကျနော်တို့ရဲ့ ဒီဒေသခံ ထိုင်းဒေသခံ တောင်းဆိုမှု အပေါ်မှာ open letter လေးကို ကျနော်တို့ ထုတ်ပြန် လိုက်တာ တွေ့ရတယ်ပေါ့။ အဲဒီအပေါ်မှာ ထိုင်းဒေသခံ အာဏာပိုင်တွေကလည်း ဧပြီလဆန်းလောက် ကနေ စပြီးတော့မှ ကျနော်တို့ကို တစ်ပတ်တစ်ကြိမ် အဲဒီက နေပြီးတော့မှ ရိက္ခာသယ်ခွင့်တွေ ရလာတယ်။ နောက်ပြီးတော့ တစ်ချိန်တည်းမှာလည်းပဲ အရေးအပေါ် အကူအညီအနေနဲ့ KWO ကနေပြီးတော့မှ အီတူးထ စခန်းအတွက်ပေါ့နော် ဒီ ထမ်းဖောင်ဒေးရှင်း ကနေ တစ်ဆင့် လက်ခံရရှိပြီးတော့မှ တမဟုတ်ချင်း အရေး တကြီး ဆောင်ရွက်တဲ့အခါ ကျတော့ တစ်စုံတစ်ရာ ကျနော်တို့ ကူညီသက်သာမှုတွေ ရရှိသွားတာပေါ့နော်။”

ရိက္ခာများ ပိုလျှံမှု မရှိသော်လည်း အတတ်နိုင်ဆုံး IDPs များ ဖူလုံအောင် စီစဉ်ဆောင်ရွက်ပေးနေရသည်ဟု ဆိုသည်။

သို့သော် Lockdown ကာလ ကြာမြင့်လာမည်ဆိုပါက ပိုမိုခက်ခဲနိုင်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီများမှာလည်း တိုင်းရင်သား ကျန်းမာရေးဌာနများထံသို့ တိုက်ရိုက် ပံ့ပိုးမှုမရှိသည့်အတွက် ကုသမှုအပိုင်းနှင့် ကာကွယ်ရေးအပိုင်းတွင် အခက်အခဲများ ရှိခဲ့သည် ဟု ပြောသည်။

“ကျနော်တို့ ပစ္စည်းပစ္စယ Facilities က လုံလုံလောက်လောက် မရှိဘူး။ နောက်တစ်ခုကလည်းပဲ နိုင်ငံတကာရဲ့ ပံ့ပိုးမှု ဆိုတာကလည်းပဲ အစိုးရကနေ အစိုးရကိုပဲ သွားတယ် ကျနော်တို့ တိုင်းရင်းသားရဲ့ ကျန်းမာရေး ဌာနနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေအပေါ်မှာ တိုက်ရိုက်ဝင်တာလည်း မရှိတဲ့အခါကျတော့ နိုင်ငံရေး အရ အကန့်အသတ်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ဘယ်လိုမှ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ပြည့်ပြည့် ၀၀ လုပ်လို့ရမှာ မဟုတ်ဘူး ဒါက ပထမအဆင့်အနေနဲ့ ကုသမှုပိုင်းနဲ့ ကာကွယ်မှုအပိုင်း ဆိုင်ရာ COVID- 19 တိုက်ရိုက်ဆောင်ရွက်မှုအပေါ်မှာ ပထမဆုံး အကန့်အသတ် အဲဒီအကန့်အသတ်ရယ် နောက်ပြီး ပူးပေါင်းဆောင် ရွက်မှု အကန့်အသတ်ရယ် ဒါပထမဆုံးတစ်ချက် ပြောချင်တယ်” ဟု ပဒို မန်းမန်း က ဆက် ပြောသည်။

COVID-19 ကာလ ကန့်သတ်ချက်များ၊ ပိတ်ဆို့မှုများ၊ ခရီးသွားလာခွင့်များ ရှိနေသေးသည့်အတွက် ရိက္ခာ အခက် အခဲကလည်း ဆက်လက်ရှိသေးသည်ဟု ပဒိုမန်းမန်း က ပြောသည်။

“ဒုတိယတစ်ချက် ကတော့ ကျနော်တို့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ humanitarian crisis ပေါ့ secondary crisis တကယ်လို့ COVID- 19 ဖြစ်လာရင်တော့ ဒီရောဂါက ကူးစက်နှုန်းတစ်အားမြန်တဲ့အတွက်ကြောင့် ကျနော်တို့က တစ်ခြားကပ်ရောဂါလိုမျိုး တော်ရုံတန်ရုံနဲ့ ကာကွယ်လို့ မရပဲနဲ့ lockdown လုပ်ရတဲ့ အထိပေါ့ နော်။ လမ်းခရီးပိတ်ဆို့ရတဲ့အထိ သွားလာရေး ပိတ်ဆို့ရတဲ့အထိ လုပ်ရတဲ့ အခါကျတော့ secondary crisis ဖြစ်တဲ့ ကျနော်တို့ စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးတဲ့ ပြတ်လတ်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ဒီအတွက် ကတော့ ကျနော်တို့ ပြင်ဆင်မှု တွေတော့ အများကြီး လုပ်ရအုံးမယ် ခုနကပြောထားတဲ့ ကျနော်တို့ ပြင်ဆင် မှုနဲ့တော့ မလုံလောက် သေးဘူး ဖြစ်ပါတယ်။”

ထို့ကြောင့် အစိုးရ၏ ရန်ပုံငွေ စီးဆင်းမှုအပိုင်းမှာလည်း ဗဟိုအစိုးရကနေ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့ အစည်းများအား ပံ့ပိုးမှုများသည် ထိရောက်မှုမရှိသည့်အတွက် နိုင်ငံတကာ အလှူရှင်များ အနေဖြင့် တိုင်းရင်း သားဒေသအသီးသီး က သက်ဆိုင်ရာ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများကို တိုက်ရိုက် ကူညီပံ့ပိုး ပေးရန် လိုအပ်သည်ဟု ပြောသည်။

COVID-19 ကာလအတွင်း ကြုံရသည့် နောက်ထပ် အခက်အခဲမှာ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များ၏ COVID- 19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်း ဆောင်ရွက်နေ ခြင်းများ အပေါ် ခြိမ်းခြောက် တားမြစ်ခြင်း များကို တပ်မတော်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းများ ဖြစ်သည်ဟု တိုင်းရင်း သား ကျန်းမာရေး ကော်မတီ EHC က ပြောသည်။

ထို့သို့တားမြစ်ခြင်းများ ရှိခဲ့သော်လည်း ယခုခါ ကရင်အမျိုးသားအစည်းအရုံး KNU ၏ မူတြော် – ဖာပွန် ခရိုင် (တပ်မဟာ ၅)နယ်မြေထဲက ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေး ရွာအုပ်စုရှိ ဝါသိုး ခိုကျေးရွာတွင် တပ်မတော်မှ ဖျက်ဆီးလိုက်သည့် Covid-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်နေရာ တွင် KNU ဘက်က တစ်ဖန်ဂိတ်ပြန် ဆောက်၍ ဇွန်လ ၂၅ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်ဟု သိရသည်။