စစ်တပ်က ဖမ်းဆီးထားစဉ် အရပ်သား တစ်ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းက တပ်မတော်က ဖမ်းဆီးသွားသည့် ဒေသခံတစ်ဦး ထိန်းသိမ်းစစ်ဆေး  နေစဉ်အတွင်း သေဆုံးသွားသည်ဟု မိသားစုများအား ရဲက အကြောင်းကြားသည်။

ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာက ဒေသခံရွာသား ၆ ယောက်ကို ဇူလိုင်လ ၁၁ ရက်နေ့က တပ်မတော် က ဖမ်းဆီးသွားပြီးနောက် ၎င်းတို့ထဲမှာ တစ်ဦးမှာ ဇူလိုင်လ ၁၄ ရက်နေ့က သေဆုံးသွားခြင်းဖြစ်သည်ဟု ရဲက ပြောသည်။

သေဆုံးသွားသူ၏ မိသားစုဝင် တစ်ဦးဖြစ်သည့် ဦးကျော်လှိုင် က “ကျနော်တို့ကို ဦးစိုးမြင့်ထွန်းသေသွားပြီ ဆုံး သွားပြီဆိုပြီးတော့ အကြောင်းကြားလာပါ။ မအီရဲစခန်းကနေ ရမ်းဗြဲရဲစခန်းကို ဆက်လာတာ။ ကျနော်တို့ သူ့ အလောင်းကိုတွေ့တော့ ခွဲစိတ်ပြီးသားတွေ့ခဲ့ရတယ်။ လည်ပင်းမှာလည်း ကြိုးကွင်းရာနဲ့ပါ။ မျက်နှာရော၊ လည် ပင်း၊ ဂုတ်တွေမှာပါ ဒဏ်ရာတွေ ရှိတယ်။ သေနတ်ဘောင်လား ဒင်လား အဲ့ဒါတွေနဲ့ ထုထားတဲ့ ဒဏ်ရာ တွေ လည်း ဒီမျက်နှာမှာ ရှိတယ်” ဟု ပြောသည်။

သေဆုံးသွားသည့် အသက် ၃၇ နှစ် အရွယ်ရှိ ဦးစိုးမြင့်ထွန်းအား ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် တွင် သဂြိုလ်လိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့က လယ်ကွင်းထဲတွင် အလုပ်လုပ်နေသည့် ဦးစိုးမြင့်ထွန်းအား တပ်မတော်က မေးမြန်း စရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ၃ ရက်မြောက်နေ့တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

“အဓိက ပြောချင်တာကတော့ အလောင်းကို မိသားစုဝင်တွေရဲ့ သဘောထား ခွင့်ပြုချက် မပါပဲ ခွဲစိတ်ထားတာ၊ အဲ့ဒါကိုလည်း မကျေနပ်ဘူးဗျာ။ ကြိုးဆွဲချပြီးသေသွားတယ်လို့လို့ ပြောပေမယ့် သူတု့ိ သတ်လိုက်တယ်လို့ပဲ ထင်တယ်။ ကြိုးနဲ့ဆွဲပြီးများ သတ်လိုက်သလားပေါ့ဗျာ။ သူတို့ရိုက်ရင်းနဲ့ လက်လွန်သွားတာဖြစ်မှာပါ။ ဘာလို့ လည်းဆို မျက်နှာတွေလည်း မဲနေတာ ပေါက်ပြဲနေတာပဲ” ဟု မိသားစုဝင် ဦးကျော်လှိုင် က ဆက် ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့က အလယ်ချောင်းကျေးရွာမှ မောင်မြင့်ဝင်း အသက် ၂၃ နှစ်၊ မောင်ငြိမ်းချမ်း အသက် ၁၉ နှစ်၊ မောင်ဇော်လင်း အသက် ၃၅ နှစ်၊ ဦးမောင်မြင့်ထွန်း အသက် ၃၇ နှစ်၊ ဦးမောင်ထွန်းဝင်း အသက် ၄၇ နှစ် နှင့် သေဆုံးသွားသည့် ဦးစိုးမြင့်ထွန်း အသက် ၃၇ နှစ်တိ့ုအား ခလရ ၃၄ တပ်ရင်းနှင့် ခလရ ၃၅ တပ်ရင်းတို့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့၏ နေအိမ်များအတွင်း တပ်မတော်က ဝင်ရောက် ရှာဖွေမှုများပြုလုပ်ပြီးနောက် ရက္ခိုင့်တပ်တော် ULA/AA နှင့် ဆက်သွယ်မှု ရှိသည်ဆိုသည့် သံသယနှင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သို့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် “AA အကြမ်းဖက် သောင်း ကျန်းသူ အမာခံများအား ဖမ်းဆီးရမိ၊ တစ်ဦး ကြိုးဆွဲချသေဆုံး” ဟု ဆိုကာ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန် ထားသည်။

“နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက အလယ်ချောင်းကျေးရွာသို့ ဇူလိုင် ၁၂ ရက် နေ့လယ် ပိုင်းတွင် သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရှာဖွေစစ်ဆေး ဖော်ထုတ်ခဲ့ရာ AA အကြမ်းဖက်  သောင်း ကျန်းသူအဖွဲ့၏ အမာခံများဖြစ်သည့် ဇော်လွင်(ဘ) ဦးမောင်သိန်းဖြူ၊ မြင့်ထွန်း(ဘ) ဦးမောင်မိုးညွန့်၊  ချမ်းငြိမ်း(ဘ)ဦးကျော်လှိုင်၊ ဇော်ဌေး (ဘ)ဥိးမောင်သိန်းဖြူ၊ ထွန်းဝင်း(ဘ) ဦးအောင်လှဖြူနှင့် စိုးမြင့်ထွန်း (ဘ) ဦးမောင်ဘအောင် တို့ ၆ ဦးအား ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး မအီမြို့မရဲစခန်း၌ လိုအပ်သည့် စစ်ဆေးမေး မြန်းမှုများ ပြုလုပ်ရန် သီးသန့်အဆောက်အဦ၌ တစ်ဦးစီထားရှိထိန်းသိမ်းခဲ့သည်” ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

 “ထိုသို့ထားရှိစဉ် ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် စိုးမြင့်ထွန်း မှာ ၎င်းအား ချည်နှောင်ထားသည့် ကြိုးကို ဖြည်၍ ခေါင်မိုးထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါသေဆုံးသူအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး မအီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ပြီး ကျန်ရှိသူ ၅ ဦးအား  လိုအပ်သည်များ ဆက်လက်စစ်ကြောလျက်ရှိကြောင်း သတင်းရရှိသည်” ဟု ထုတ်ပြန်ချက်ထဲ ရေးသား ထား သည်။

သေဆုံးသူ ဦးစိုးမြင့်ထွန်းအပါအဝင် အလယ်ချောင်းကျေးရွာမှ ဖမ်းဆီးစစ်ဆေးခံနေရသူများမှာ AA အဖွဲ့နှင့် အဆက်အသွယ်မရှိကြောင်း၊ ၎င်းတို့အားလုံးမှာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းများ လုပ်ကိုင်နေသည့် သာမန် ဒေသခံရွာသားများသာ ဖြစ်ကြောင်း မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း အလယ်ချောင်းကျေးရွာမှ ရွာသားတစ်ဦးဖြစ်သည့် ဦးငလုံးအောင်အား တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက် အသွယ် မရသေးဟု ဒေသခံများက ပြောသည်။