မွန်ပြည်နယ်ကျောင်းများတွင် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ ရိုးရာယဉ်ကျေးမှုများ သင်ကြားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

မွန်ပြည်နယ်အတွင်း နေထိုင်ကြသည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစကာ အစိုးရစာသင်ကျောင်းများတွင် စတင် သင်ကြား သွားမည်ဟု မွန်ပြည်နယ် ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီးက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအကြောင်းကို ငယ်စဉ်ကတည်းက လေ့လာ သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများ၏ ရန်ပုံငွေဖြင့် မွန်ပြည် နယ်ဒေသဆိုင်ရာ သင်ရိုးညွှန်းတန်းကို ၂၀၁၈ ခုနှစ်က စတင်ရေးဆွဲခဲ့ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီးထံက ပြောသည်။

“သင်ရိုးညွှန်းတမ်းကတော့ အဓိက ကိုယ့်ရဲ့ ဒေသက တိုင်းရင်းသားလူမျိုးတွေအကြောင်း ကိုယ့်ဒေသ အကြောင်းတွေ ကိုယ့်ပြည်နယ်အကြောင်းကို ခလေးတွေကို ရုပ်ပုံလေးတွေနဲ့ သင်ပေးတာပေါ့” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင် က ပြောသည်။

သင်ရိုးညွှန်းတန်းတွင် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားလူမျိုးဆိုင်ရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ အထိမ်းအမှတ်သင်္ကေတ၊ အခေါ်အဝေါ်များအပြင် မွန်ပြည်နယ်အကြောင်း အထင်ကရနေရာများ၊ သဘာဝ အရင်းအမြစ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာအကြောင်းအရာများလည်း ပါဝင်သည်ဟု ဝန်ကြီး စောအောင်မြင့်ခိုင် က ဆက်ပြောသည်။

မွန်ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကို ယခုပညာသင်နှစ်တွင် ပထမတန်း တစ်ခုသာ သင်ကြားပေးသွားမည်ဖြစ်ပြီး နောက်လာမည့်ပညာသင်နှစ်တွင် ဒုတိယတန်းနှင့် တတိယတန်းထိ သင်ကြားပေးသွားမည်ဖြစ်သည်။

သင်ကြားသည့်နေရာတွင်လည်း စာသင်ကြားသည့်ပုံစံမျိုးမဟုတ်ပဲ ဆရာနှင့်ကျောင်းသား၊ ကျောင်းသား အ ချင်းချင်းအကြား ဆွေးနွေးခြင်း၊ အမေးအဖြေ မေးမြန်းခြင်းပုံစံနှင့် သင်ကြားသွားမည်ဟု မွန်ပြည်နယ် ပညာရေး မှူးက ပြောသည်။

“ပုံနှိပ်စာအုပ်ကြီးကို ကိုင်ပြီးတော့ သင် အဲလိုမျိုးမဟုတ်ပဲနဲ့ ရတဲ့အချိန်လေးကို ဆရာနဲ့ တပည့်နဲ့ ဆွေးနွေးကြ တယ်။ ကျောင်းသားအချင်းချင်း ဆွေးနွေးကြတယ်။ အမေးအဖြေလေးတွေလုပ်ကြတယ် ဆိုတဲ့စနစ်မျိုးနဲ့ အရင် လုပ်ဆောင်သွားမယ်” ဟု မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် က ပြောသည်။

သင်ကြားချိန်ကို ဘာသာစကားသင်ကြားသည့် အချိန်များထဲမှ တစ်ပတ်လျှင် ၃ ချိန် တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ အကြောင်းအရာကို သင်ကြားမည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံးက ပြောသည်။