ကချင်တွင် တိုင်းရင်းသား ပါတီ ၁၀ ပါတီဝန်းကျင် ယှဉ်ပြိုင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ ၁၀ ပါတီခန့် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးခွဲ တာဝန်ရှိသူက ပြောသည်။။

ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီ ခန့်ရှိပြီး တိုင်းရင်းသားပါတီ ၁၀ ပါတီ ပါဝင်သည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ရုံးခွဲ ၊ ပြည်နယ်ရွေး ကောက်ပွဲအရာရှိ/ဒု-ညွန်ကြားရေးမှူး ဦးထွန်းအောင်ခိုင် က ပြောသည်။

“ကျနော်တို့ ကချင်ပြည်နယ်ထဲမှာပေါ့နော် ကျနော်တို့ နိုင်ငံရေးပါတီပေါင်း အားလုံးပေါင်း ၂၁ ခုရှိတယ်။ ၂၁ ခု မှာ ပါတီ ၃ ခုကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ၃ နှစ်ယာယီရပ်ဆိုင်းထားရတယ်ပေါ့နော်။ ယာယီရပ်ဆိုင်းထားတဲ့အတွက် ကျနော်တို့ ၁၈ ပါတီကျန်တယ်။ အဲဒီ ၁၈ ပါတီထဲမှာမှ မကြာသေးခင် ရက်ပိုင်းများ နိုင်ငံရေးပါတီတစ်ခုကိုတော့ နိုင်ငံရေးပါတီအဖြစ် ကျနော်တို့ ဖြတ်သိမ်းလိုက်တယ်။ ဖြတ်သိမ်း လိုက်တဲ့အတွက် လောလောဆယ် ကျနော်တု့ိ ၁၇ ပါတီကျန်တယ်။ အဲဒီ ၁၇ ပါတီမှာ တိုင်းရင်းသားပါတီ ၁၀ ပါတီလောက်ရှိတယ်။ ပြီးရင် ကျနော်တို့ ကျန်တဲ့ပါတီကတော့ ၇ ပါတီလောက်ရှိတာပေါ့နော်။ အဲဒီအထဲမှာမှ ကျနော်တို့ ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီကတော့ ၅ ခုလောက်ရှိတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ ဇူလိုင်လ (၉) ရက်နေ့အထိ ထုတ်ပြန်ထားသည့် စာရင်းများအရ ကချင်ပြည်နယ်တွင် ယှဉ်ပြိုင်မည့် တိုင်းရင်းသားပါတီများမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ(ဒူးလေးပါတီ)LNDP၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP၊ နာဂအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)-NDP၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ နှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)တို့ ဖြစ်ကြသည်။

၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် ပါတီအသစ်အချို့လည်း ယခုနှစ် ၂၀၂၀ တွင် လာရောက်ယှဉ်ပြိုင်ရန် ရှိသည်ဟု ဦးထွန်းအောင်ခိုင် က ဆက်ပြောသည်။

“နောက်ပြီးတော့မှ အခုကချင်ပြည်နယ်ထဲမှာဆိုရင် ထပ်ပြီးတော့မှ အသစ်ရောက်လာတဲ့ ပါတီတစ်ခုဆိုရင် နာဂ အမျိုးသားပါတီဆိုရင် ကျနော်တို့ တနိုင်းဖက်မှာ လာပြီးတော့မှ ရုံးခန်းဖွင့်တာ ရှိတာပေါ့။ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ UDP ရယ် ၊ UPP ရယ် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ရယ်ပေါ့နော။ ဒါတွေဆိုရင် ကျနော်တို့ ကချင်ပြည်နယ်ထဲမှာ အခုမှ ရုံးခန်းအသစ်ဖွင့်ပြီးတော့မှ သူတို့ရောက်ရှိလာတဲ့ ပါတီသစ်တွေ ဖြစ် တယ်ပေါ့။ သူတို့တွေကတော့ ဒီ ၂၀၂၀ မှာ ကချင်ပြည်နယ်မှာ စပြီးပြိုင်မယ့်ပါတီတွေဖြစ်တာပေါ့။”

ထို့အပြင် ဒေသအခြေစိုက် တိုင်းရင်းသားပါတီအချို့ ပေါင်းစည်းသွားသည့်အပေါ်လည်း ဦးထွန်းအောင်ခိုင် က “ဥပမာဆိုရင် အရင်တုန်းက ကချင်ပါတီတွေက သီးခြားနာမည်တွေနဲ့ သူတို့ရပ်တည်ခဲ့တယ်။ ရွေးကောက်ပွဲမှာ တော့ သူတို့ဝင်ပြိုင်ခဲ့တာပေါ့နော။ ဒါပေမဲ့ အခုအချိန်မှာ ပါတီက ပေါင်းစည်းသွားတဲ့အတွက် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဆိုပြီး ပြောင်းသွားတယ်။” ဟု ပြောသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်တင်သွင်းနိုင်ပြီး လာမည့် သြဂုတ်လ ၇ ရက်နေ့တွင် နောက်ဆုံးထားပေးပို့ ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ်တုန်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲ ကို သပိတ်မှောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအချုပ် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့် အတွက် လက်ရှိအစိုးရတာဝန်ကို ထမ်းဆောင်လျှက်ရှိသည်။