ကချင်တွင် တပ်မဲရုံ ၅၃ ရုံရှိပြီး အများစုတွင် အရပ်သားများနှင့် ရောနှောလျက်မဲပေးရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။
ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၈၈၉ ရုံ ရှိသည့်အနက် တပ်မတော် သား များနှင့် ၎င်းတို့၏မိသားစုဝင်များ မဲပေးရမည့် မဲရုံပေါင်း ၅၃ ရုံရှိသည်ဟု သိရသည်။
တပ်မဲရုံ ၅၃ ရုံရှိသည့်အနက် ၅၂ ရုံသည် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များက အရပ် သား များနှင့် အတူ မဲပေးရမည်ဖြစ်ပြီး ကျန်မဲရုံ ၁ ရုံသည် အရပ်သား မဲဆန္ဒရှင်များ မပါပဲ တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ သီးသန့်မဲပေးရမည် မဲရုံဖြစ်သည် ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ရုံးခွဲ၊ ပြည်နယ်ရွေးကောက်ပွဲ အရာရှိ/ဒု-ညွန်ကြားရေးမှူး ဦးထွန်းအောင် ခိုင် က ပြောသည်။
“ကျနော်တို့ ကချင်ပြည်နယ်ထဲမှာ တပ်မတော်သားတွေ မဲပေးမယ့် မဲရုံပေါ့နော အားလုံးပေါင်း ကျနော်တို့ ၅၃ ရုံရှိတယ်။ ၅၃ ရုံမှာ ၅၂ ရုံက ကျနော်တို့ အရပ်ဖက်က အရပ်သားမဲ ဆန္ဒရှင်တွေနဲ့ အတူပေါင်းပြီးတော့မှ မဲပေး မှာဖြစ်တယ်။ ၁ ရုံကတော့ ကျနော်တို့ တပ်သီးသန့် ကျနော်တို့ ပေးရမှာဖြစ်တယ်။ အဲတော့ ဒီ ၁ ရုံကတော့ ကျနော်တို့ ပူတာအိုက တပ်သစ်ရပ်ကွက်ပေါ့နော်။ တပ်မတော်သားကြီးပဲ ပေးမှာက တစ်ရုံ၊ အရပ်သာကြီးပဲ ပေးမှာက ၈၃၆ ရုံ။ အားလုံးပေါင်း ၈၈၉ ရုံ။”
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ တပ်သစ်ရပ်ကွက်မှာ အရပ်သားများနေထိုင်ခြင်းမရှိသည့်အတွက် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် သီးသန့်ပုံစံမျိုး ဖြစ်သွားခြင်း ဖြစ်သည်ဟု ဦးထွန်း အောင်ခိုင် က ပြောသည်။
သို့သော်လည်း အဆိုပါ မဲရုံကို တပ်အတွင်းထားရှိမည်မဟုတ်ပဲ၊ တပ်၏ အပြင်တွင် မဲရုံဆောက်ပြီး ဆောင်ရွက် သွားမည်ဟု ပြောသည်။
“တပ်သစ်ရပ်ကွက်ဆိုတာကတော့ ကျနော်တို့ အရပ်သားတွေ အရပ်ဖက်က အရပ်သားတွေ နေထိုင်မှု မရှိပဲနဲ့ တပ်မတော်သားတွေပဲ တပ်တွေပဲ ပါဝင်တဲ့နေရာကို စုပေါင်းပြီးတော့မှ သူကရပ်ကွက် ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် သူတို့ကတော့ သီးသန့်မဲရုံဖြစ်တယ်။သီးသန့်မဲရုံဆိုပေမယ့် ကျနော်တို့က တပ်ထဲမှာ ကျနော်တို့ မဲရုံ မထားဘူး။ တပ်ရဲ့အပြင်မှာပဲ ကျနော်တို့ မဲရုံဆောက်ပြီးတော့မှ မဲရုံဆောင်ရွက်ပြီးတော့မှ ကျနော်တို့ သူတို့ အပြင်မှာ ထွက်ပြီးပေးမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ခိုင် က ဆက်ပြောသည်။
ယခုကဲ့သို့ တပ်မဲရုံများကို တပ်ပြင်ထုတ်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်း က “ဒါက လျော်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ကြိုဆိုရမယ့် အချက်လည်း ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ တပ်မဲတွေက တပ်ထဲမှာပဲ ထည့်ခွင့်ပြုတယ်ဆိုရင် သူတို့အလိုအတိုင်းပဲ လုပ်ပါလိမ့်မယ်။ အပြင်မှာဆိုရင်တော့ စောင့်ကြည့်လို့ရတယ်။ ဘယ်လိုလုပ်တယ်ဆိုတာ အကုန်လုံးသိနေမယ်။ လွတ်လပ်မှုတစ်ခုကို အစပျိုးတယ်လို့ပဲ မြင်ပါတယ်။ တပ်မဲရုံဆိုတာ အပြင်မှာ ရှိကိုရှိရမယ်။ အပြင်မှာ လုပ်ကို လုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဆွေးနွေးခဲ့ကြသည့် တပ်တွင်းမဲရုံများ တပ်ပြင်ပထုတ်ရေး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့က အတည်ပြုခဲ့ခြင်းဖြစ်သည်။
တပ်အတွင်းက မဲရုံများကို တပ်ပြင်ပကသင့်လျော်သည့် နေရာများတွင် ထားရှိရန်နှင့် လွှတ်တော်အသီးသီး ၏ ရွေးကောက်ပွဲနည်းဥပဒေပြင်ဆင်သည့်အချက်များကို မေလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယ နာယက ဦးထွန်းထွန်းဟိန် က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ကချင်ပြည်နယ်ထဲမှာ ဒီလွှတ်တော်မှာ ဥပဒေက ပြင်ဆင်လိုက်တာပေါ့နော်။ ကျနော်တို့ ပွင့်လင်း မြင်သာမှု ရှိဖို့နဲ့ တပ်မတော်သားတွေနဲ့ ကျနော်တို့ အရပ်ဖက်က မဲဆန္ဒရှင်တွေ အတူတကွ မဲပေးပြီးတော့မှ ပွင့် လင်းမြင်သာမှု ရှိဖို့အတွက်ဆိုပြီး ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေတွေ နည်းဥပဒေတွေလည်း ကျနော်တို့ ပြင် ဆင်လိုက်တာရှိတယ်။ ပြင်ဆင်လိုက်တဲ့ အနေအထားမှာ ကျနော်တို့ တပ်မဲရုံတွေကို တပ်ရဲ့ ပြင်ပမှာ ကျနော်တို့ ထားဖို့ဆိုပြီးတော့မှ ကျနော်တို့ ဥပဒေမှာ ပါရှိလာတယ်။”
ထို့ကြောင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဥပဒေနှင့် အညီ တပ်မဲရုံများ ကိစ္စ သက်ဆိုင်သည့် တိုင်းစစ်ဌာနချုပ်များနှင့် ညှိနှိုင်းပြီး၊ အရပ်သားများနှင့်အတူ မဲပေးနိုင်ရေး ဆောင်ရွက်ရသည်ဟု ပြောသည်။
“ပါရှိလာတဲ့အတွက် ၂၀၁၅ ခုနှစ်က ကျနော်တို့ တပ်ထဲမှာ သီးသန့်ပေးခဲ့တဲ့ မဲရုံတွေ ကျနော်တို့ မဲရုံတွေကို ကျနော်တို့ ဥပဒေနဲ့အညီပေါ့နော ကျနော်တို့ သာမန် အရပ်ထဲက မဲဆန္ဒရှင်တွေနဲ့အတူူ မဲပေးနိုင်ဖို့အတွက်ကို ကျနော်တို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီး ဆောင်ရွက်တယ်။ ညှိနှိုင်းပြီးတော့မှ ကျနော်တို့ တပ်ထဲမှာ ရှိတဲ့ မဲရုံတွေကို သူတို့တပ်အပြင်မှာရှိတဲ့ သူတို့တပ်အခြေစိုက်တဲ့ ရပ်ကွက် ကျေးရွာ အုပ်စုရဲ့ မဲရုံတွေမှာ ကျနော်တို့ နီးစပ်ရာ နီးစပ်ရာ ကျနော်တို့ ပေါင်းစပ်ပြီးမှ ဖွဲ့စည်းတယ်” ဟု ဦးထွန်းအောင်ခိုင် က ပြောသည်။
တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအား အရပ်သားပြည်သူများနှင့်အတူ မဲရုံများတွင် မဲပေးရေး ဆောင်ရွက်မှုသည် ၎င်းတို့အတွက် လွတ်လပ်စွာ မဲပေးခွင့်ရှိလာသော်လည်း မဲဆွယ်စည်းရုံးခွင့်တွင် ကန့်သတ် မှုများရှိနေသည့်အတွက် ထူးခြားမှု မရှိနိုင်ဟုလည်း ဦးကွမ်ဂေါင်အောင်ခမ်း က ဆက်ပြောသည်။
“တပ်တွင်း မဲဆွယ်စည်းရုံးခွင့်မပြုဘူးဆိုတော့လည်း သိပ်ပြီးထူးခြားမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ စည်းရုံးခွင့်မရှိဘူးဆိုရင်တော့ သူတို့က ဘယ်လိုသိမလဲပေါ့။ တပ်မဲရုံတွေ အပြင်ရောက်လာတာတော့ ပြောင်း လဲလာတဲ့အပိုင်းဖြစ်ပါတယ်။ အဓိကတော့ တပ်ပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲဖြစ်ဖြစ် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရှိရမယ်။ အားလုံး လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရမယ်လေ။ မဟုတ်ရင်တော့ တပ်ထဲမှာပဲ ဒီအတိုင်းဆိုရင် ဘာသိ မှာလည်းပေါ့။ ကြံံံံ့ခိုင်ဖွံ့ ဖြိုးရေးပဲ သူတို့သိမယ်လေ။ အဲ့တော့ သူတို့က အဲ့ဒါပဲ ပေးတော့မှာပေါ့။ ဒါကြောင့် လွတ် လွတ်လပ်လပ်စည်းရုံးပိုင်ခွင့်ပေးဖို့လိုတယ်ဆိုတာကိုလည်း ပြောလိုပါတယ်။”
တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ၏ အရပ်သားပြည်သူများနှင့်အတူ တပ်ပြင်ပရှိ မဲရုံများတွင် မဲပေး ရမည် ဖြစ်သည့်အတွက် လေ့လာစောင့်ကြည့်သူများနှင့် သတင်းမီဒီယာများအတွက် လွတ်လပ်စွာ စောင့်ကြည့်ရယူနိုင်မည် ဟု ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံပေါင်း ၈၄၄ ရုံရှိသည်ဟု သိရသည်။
ထို့အပြင် တပ်မတော်သားများနှင့် အတူနေသည့် မိသားစုဝင်များ မဲထည့်ရန်လည်း မဲရုံပေါင်း ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။