လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်စေလိုကြောင်း ရှမ်းနီအဖွဲ့များပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။

ဒေသအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမျိုးမျိုးတို့ကြောင့် ရှမ်းနီနှင့် ကချင်တိုင်းရင်း သားများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအပေါ် ထိခိုက်လာမည်ကို စိုးရိမ်သည်ဟု ရှမ်းနီအဖွဲ့ အစည်းများ က ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့က ကချင် လွတ်လပ်ရေး တပ်မတော် KIA က ဖမ်းဆီးသွားသည့် စစ်ကိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကျေးရွာမှ ရှမ်းနီကျောင်းသားနှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ရှမ်းနီအဖွဲ့အစည်းများ က ထောက်ပြပြောဆို လိုက်ခြင်း ဖြစ်သည်။

ရှမ်းနီလူငယ်ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နန်းခေးဆိုင် က “ဘာတောင်းဆိုချင်လဲဆိုတော့ လူမျိုးရေးပဋိပက္ခ မဖြစ်အောင်စီစဉ်ပေးစေချင်တယ်။ ဒီလိုမျိုးဖြစ်တာ အခုမှ မဟုတ်ဘူး။ မကြာခဏဖြစ်တယ်။ အများကြီးရှိတယ် လေ။ အရင်တုန်းကတော့ စစ်အစိုးရကိုကြောက်ရတာနဲ့ လက်နက်ကိုင်တွေကို ကြောက်ရတာနဲ့ ဒီလိုအသတ်ခံ ခဲ့ရလည်း အသံတွေ မထွက်ခဲ့ဘူး။ အခုတော့ ခေတ်က ပြောင်းလာပြီလေ။ ဒါတွေကိုလည်း သတိထားဖို့ လို မယ်။ နောက် KIA အနေနဲ့လည်း ဒီလိုမျိုး လူသားမဆန်တဲ့ နောက်ထပ်ဒီလိုမျိုးဖြစ်စဉ်မျိုး ထပ်မဖြစ်စေဖို့ တောင်းဆိုချင်တယ်။ တိုင်းရင်းသားအချင်းချင်း ကြားဒါမျိုး မဖြစ် လာရင်ပိုကောင်းမယ်။ KIO အနေနဲ့ထိန်းချုပ် နိုင်ရင် ပိုကောင်းမယ်” ဟု ပြောသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် လူသားချင်း စာနာထောက် ထားပြီး ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ ဦးဌေးအောင် က “ကျနော်တို့မှာ အတူ နေတိုင်းရင်းသားများ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အရေးကြီးတယ်။ သမိုင်းအထောက်အထား အရ ကချင်နဲ့ရှမ်းမှာလည်း ပြဿနာရှိခဲ့ကြတယ်။ ဖြစ်ခဲ့တာတွေကို သမိုင်းကိုပြန်ယူပြီး ဒီဘက်ခေတ်မှာ အကောင်းဆုံး ဘယ်လိုဖြစ်အောင်လုပ်မလဲ ဆိုတာပြန်စဉ်းစားပါတယ်။ လူမျိုးရေးမုန်းတီးမှု ပိုကြီးလာမှာ စိုး တယ်။ တခြားတိုင်း ရင်းသားကို မဖိနှိပ်နဲ့၊ ကချင်မှာနေရင် ဆက်ကြေးပေးရမယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ဒါမျိုးတွေမလုပ်ဖို့ပေါ့” ဟု ပြောသည်။

အဖိနှိပ်ခံလူမျိုး အချင်းချင်း နားလည်မှု ရှိရန် လိုသည်ဟု ဦးဌေးအောင်က ဆက်ပြောသည်။

“ကချင်လူမျိုးလည်း လူပဲ၊ ကျနော်တို့ ရှမ်းလည်း လူပဲ၊ အားလုံးက လက်နက်ကိုင်တဲ့လူကို အာဏာရှင်ကို တိုက် နေတာ။ လက်နက်ကိုင်ပြီးမှ နှိပ်စက်နေတဲ့လူကို တိုက်နေတာ။ အဲ့အတွက်ကြောင့် သူတို့လည်း သူတို့လူမျိုး အတွက် လက်နက်ကိုင်ထားတာ၊ လက်နက်ကိုင်ပြီး တခြားလူမျိုးကိုမနှိပ်စက်နဲ့။ နှိပ်စက်တဲ့လူဆိုပြောရမှာပဲ။ ကျနော်တို့ လူမျိုးလက်နက်ကိုင်ပြီး နှိပ်စက်လည်း ပြောရမှာပဲ။ ဒါကြောင့် ညှိညှိနှိုင်းနှိုင်းနဲ့ စားပွဲပေါ်မှာ ညှိနှိုင်းပြီး ဘယ်လိုပုံစံနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို သွားကြမလဲဆိုတာမျိုးတွေပေါ့” ဟု ဦးဌေးအောင် က ဆက်ပြော သည်။

အသတ်ခံခဲ့ရသည့် ကျောင်းသား ၂ ဦးအတွက် မိသားစုဝင်များ ကျေနပ်သည်အထိ အများပြည်သူရှေ့တွင် ဝန် ချ တောင်းပန်ရန်၊ ပြစ်မှုကျူးလွန်သူများအားလည်း အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာ အရေးယူပေးရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က တောင်းဆိုထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “ကျနော်တို့လည်း အခု စီစဉ်နေပါတယ်။ ဥပမာ ရှမ်းရိုးရာ ယဉ်ကျေးမှုအဖွဲ့တို့ ကျနော်တို့ ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့တို့ ကျနော်တို့ KIO ရဲ့ တရားစီရင်တဲ့ လုပ်ထုံးလုပ်နည်း အားလုံးက ပူးပေါင်းပြီး မိဘတွေကို အဖေအမေတွေကို ပေါ့နော်။ ကျေနပ်အောင် အချင်းချင်းဖလှယ်တဲ့ နည်းလမ်းတွေ ကို ရှာပြီးမှ ဖြေရှင်းဖို့ဆိုတာကတော့ ကျနော်တို့ အခု စီစဉ်နေတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ပြောသည်။

ရှမ်းနီလူမျိုးများနေထိုင်သည့် ဒေသများတွင် KIO/KIA က ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ အကြမ်းဖက်ခြင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သလို၊ အစိုးရ၊ တပ် မတော်တို့ကလည်း ကာကွယ်ပေးခြင်းမရှိသည့်အပေါ် လွန်စွာ ဝမ်းနည်းစိတ်ပျက်ရသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) က ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

“အခုထိလည်း ဆတ်ကြေးပေးနေရတယ်။ ပြေစာတွေလည်းရှိတယ်လေ အိမ်တိုင်းအိမ်တိုင်းပေးနေရတာ။ ဆတ် ကြေးလည်းတောင်းတယ်။ ဆင်သမားတွေဆိုရင်လည်း ဆင်တစ်ကောင်ကို ခုနှစ်သောင်းနှစ်တိုင်းပေးရတယ်။ သုံးကောင်ရှိရင် တစ်ကောင်ယူတယ်။ အခုက ဘယ်လိုပြောမလဲ စပါးကြိတ်စက်ရှိတဲ့လူလည်း ပေးရတယ်။ အစိုးရကိုလည်း အခွန်ဆောင်ရတယ်။ KIA ကိုလည်း အများကြီးပေးရတယ်။ ပြီးရင် မူးယစ်ဆေးစစ်တယ်ဆိုပြီး မူးယစ်ဆေးမသုံးတဲ့လူလည်း အောင်တယ်ဆိုပြီး ဖမ်းသွားတာမျိုးလည်း ရှိတယ်။ ရိုက်နှက်တာ၊ နှိပ်စက်တာ တွေရှိတယ်။ လူထုက စီးပွားရေးကလည်း ကြပ်တည်းနေတယ်။ KIA ရဲ့ နှိပ်စက်တာ စစ်အစိုးကိုကြောက်ရတာ ခံနေရာတော့ အသက်ရှင်နေရင်တောင်မှ သေနေသလိုပဲဆိုတော့ ရရာလက်နက်စွဲကိုင်ပြီးမှ ပြန်တော်လှန် ချင် လာနေကြတယ်။ SNA ဆိုတာလည်း လိုင်းပေါ်မှာပေါ်လာတော့ လူငယ်တွေက လက်နက်ကိုင်ပြီး ပြန်ခုခံချင် နေကြတာတွေရှိလာတယ်” ဟု ရှမ်းနီလူငယ်ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နန်းခေးဆိုင် က ဆက်ပြောသည်။

ရှမ်းနီတိုင်းရင်းသား ကျောင်းသားနှစ် မတရားဖမ်းဆီးအသတ်ခံရခြင်းသည် ငြိမ်းချမ်းစွာ အတူနေထိုင်ရေးကို ထိခိုက်စေပြီး၊ နိုင်ငံရေးတန်းတူညီမျှမှု မရှိခြင်းကြောင့် လူမျိုးရေးနှင့်အမျိုးသားရေး အသွင်ဆောင်လာမည်ကို စိုးရိမ်သည်ဟု ရှမ်းနီအဖွဲ့အစည်းများ က ပြောသည်။

ကေအိုင်အိုကလည်း ယခု အဖြစ်အပျက်မှ လူမျိုးရေး ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်းပြောသည်။

“အခုချိန်မှာ ကျနော်တို့ တိုင်းရေးပြည်ရေးက မတည်မငြိမ်ဖြစ်နေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ထိ လွယ်ရှလွယ် အမျိုးသားရေးပြဿနာတွေ ဘက်ကို ကူးပြောင်းမှာလည်း ကျနော်တို့က စိုးရိမ်ပါ တယ်။ ဒါကြောင့် အမှုကိုတော့ သေသေချာချာ စစ်ဆေးမှသာလျှင် ကျနော်တို့က လိုအပ်ချက်ကို ပြန်ပြီး တော့ ဖြေရှင်းမှ ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်ကယုံကြည်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ပြည်သူလူထုဆိုတာ ရှမ်းမဆို ကချင်မဆို ဘယ်သူမဆို ပြည်သူလူထုနဲ့ ကျနော်တို့ ဝန်ထမ်းတွေကတော့ ရေနဲ့ ငါးလိုပေါ့နော် ပူးပေါင်း နေထိုင်ရမယ့် တာဝန်တွေရှိပါတယ်။ ဖြစ်တဲ့ ဖြစ်ရပ်တွေကတော့ KIO ရဲ့ မူဝါဒ မဟုတ် ဘူးပေါ့နော်။ အောက်ခြေ ကျနော်တို့ရဲ့ ဝန်ထမ်းတွေ၊ လူတွေပေါ့နော် အမှားတွေပဲ ဖြစ်တာတော့ ပိုများတာ ပေါ့။ KIO ရဲ့ မူပေါ်လစီ မဟုတ်ဘူးလို့ ပြောချင်တာပေါ့။ အဲ့ဒါကို သဲသဲကွဲကွဲ လုပ်ပြီးမှ ဖြေရှင်းရင်တော့ ကျနော် တို့အတွက် ကောင်းတဲ့ရလဒ်တွေတော့ ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ အဲ့လိုပဲ ကျနော်က မှတ်ချက်ပေး လိုပါတယ်။”

ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအုပ်စု၊ ပါဟုတ်ကြီးကျေးရွာနေ မောင်သန့်ဇင်အောင် အသက်(၁၈) နှစ် နှင့် မောင်ဇော်မျိုးဦး အသက် (၁၇) နှစ်တို့အား ဇူလိုင်လ ၆ ရက်နေ့က ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ အုပ်စု ဆယ်ဇင်းကျေးရွာတွင် KIA က ဖမ်းဆီးသွားခဲ့ပြီးနောက် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဥပဒေအရ တရားမျှတစွာ စစ်ဆေးပေးနိုင်ရေး၊ နောက်နောင်တွင် မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကိုမှ မကျူးလွန်စေရေး၊ တိုင်းရင်းသားအချင်းချင်း တန်းတူညီမျှစွာ ဆက်ဆံရေးတို့အတွက်လည်း ဝိုင်းဝန်းစောင့်ကြည့်ပေးရန် ရှမ်းနီတိုင်းရင်းသားများက တောင်းဆိုထားကြသည်။