ကျောက်တော်နှင့် ကျောက်ဖြူမြို့နယ်တို့မှ ဒေသခံများ ဆက်တိုက် ဖမ်းခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နှင့် ကျောက်ဖြူမြို့တို့တွင် ဒေသခံပြည်သူများ ဆက်တိုက် အဖမ်းခံနေရ သည် ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ ရွာသား ၃ ဦးအား သြဂုတ်လ ၁၅ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

မိသားစုဝင် တစ်ဦးက “ဟုတ်တယ် ဒီ ၁၅ ရက်နေ့ ၃ ယောက်ပေါ့ ထပ်ပြီး အဖမ်းခံရတယ်။ မနက် ၄ နာရီ လောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲရောက်လာပြီး ဖမ်းသွားတာ။ ရွာကိုဝိုင်းပြီးတော့ အားလုံးကို ဘုန်းကြီးကျောင်းမှာ စုခိုင်းတယ်။ အဲ့မှာ နာမည်ခေါ်တယ် ပြီးတော့ နာမည်ပါတဲ့လူပေါ့ အဲ့ဒါ ၃ ယောက်ကို ဖမ်း သွားတာပါ။ စစ်ဆေးစရာရှိတယ်ပေါ့တဲ့ အဲ့လိုပြောပြီး ကားနဲ့ခေါ်သွားတယ်” ဟု ပြောသည်။

ကပ်သပြေကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးလုပ်ရန်ရှိသူဟု ခေါ်ဆိုပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ထို့အပြင် အဆိုပါကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့ကလည်း ရွာသား ၇ ဦးကို တပ်မတော်က စစ်ဆေးရန် ရှိ သည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ ဖမ်းဆီးခံခဲ့ရသည် ကျေးရွာသား ၇ ဦးမှာ ယခုအခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ပုဒ်မ ၅၂(က) တို့ဖြင့် အမှုဖွင့်ခံထားရသည်ဟု မိသားစုဝင်များက ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာမှ ဒေသခံရွာသား ၄ ဦး ကို တပ် မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

“စစ်သားတွေက ရွာထဲကို မနက်ပိုင်းပေါ့ ၁၀ နာရီလောက်မှာ ရောက်လာတယ်။ စစ်သား အယောက် သုံး လေး ဆယ်လောက် ရှိမယ်ထင်တယ်။ ရွာထဲကို ဝင်လာပြီးတော့ ရွာက စာသင်ကျောင်းမှာ နားကြတယ်။ ပြီးတော့ ရွာ ထဲက အိမ်တွေကို တစ်အိမ်ပြီးတစ်အိမ်ဝင်ရှာတယ်။ စစ်ဆေးတယ်။ အဲ့လိုစစ်ပြီး ရွာသားလေးယောက်ကို ဖမ်း ခေါ်သွားတာပါ။ အခုတော့ အခြေအနေက ဘယ်လိုလည်း မသိရသေးဘူး။ အဆက်အသွယ်မရသေးဘူး။ ဘယ် ကိုခေါ်သွားလဲမသိဘူး။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ အကြောင်းကြားထားပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က “ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကပ်သပြေကျေးရွာ ဝင်၊ ထွက်လမ်းများအား ပိတ်ဆို့၍ စစ်ဆေးမှု များ ပြုလုပ်ခဲ့ရာ ထပ်မံ၍ AA အကြမ်းဖက် သောင်းကျန်းသူ အမာခံ ဘသိန်းရွှေ(ခ)မနီကျာ(ဘ) ဦးဘအေး ၄၈ နှစ် ၊ ဝေသိန်းအောင် (ဘ)ဦးအေးဇော်အောင် ၄၆ နှစ်၊ သန်းမြင့်အောင်(ခ)သန်းမြင့်ရွှေ (ဘ) ဦးရွှေဦး ၄၀ နှစ် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦးအား သက်ဆိုင်ရာသို့ လွှဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်” ဟု သြဂုတ်လ ၁၇ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် သြဂုတ်လ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် အတွင်းရှိ တောပန်စင်းကျေးရွာမှ ရွာသား တစ်ဦးကိုလည်း တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

တောပန်စင်းကျေးရွာသားမှာ “အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူအမာခံ အေးမောင်အား သက်ဆိုင်ရာသို့ လွဲပြောင်း၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့ က ထုတ်ပြန်ထားသည်။

တပ်မတော်မှ ထို့သို့ အသီးသီးထုတ်ပြန်ထားသော်လည်း ယခုဖမ်းဆီးခံထားရသည့် ကျောက်ဖြူမြို့နယ်၊ ကပ်သ ပြေကျေးရွာမှ ရွာသား ၃ ဦးအပြင် ဇွန်လတုန်းက ဖမ်းဆီးခံခဲ့ရသည့် ရွာသား ၇ ဦး နှင့် ကျောက်တော်မြို့နယ် ကျောက်တလုံးကျေးရွာ မှ ဒေသခံရွာသား ၄ ဦး တို့၏ မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့မှာ AA နှင့် ပတ်သက်ဆက်နွယ်သူများမဟုတ်ကြောင်း၊ သာမန်အရပ်သားများသာ ဖြစ်သည် ဟု ပြော သည်။

*** ZAWGYI ***
ေက်ာက္ေတာ္ႏွင့္ ေက်ာက္ျဖဴၿမိဳ႔နယ္တို႔မွ ေဒသခံမ်ား ဆက္တိုက္ ဖမ္းခံေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ ၾသဂုတ္လ ၁၇ ရက္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ ႏွင့္ ေက်ာက္ျဖဴၿမိဳ႕တို႔တြင္ ေဒသခံျပည္သူမ်ား ဆက္တုိက္ အဖမ္းခံေနရ သည္ ဟု ေဒသခံမ်ားက ေျပာသည္။

ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကပ္သေျပေက်းရြာမွ ရြာသား ၃ ဦးအား ၾသဂုတ္လ ၁၅ ရက္ေန႔က တပ္မေတာ္စစ္ေၾကာင္း တစ္ခုက ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု သိရသည္။

မိသားစုဝင္ တစ္ဦးက “ဟုတ္တယ္ ဒီ ၁၅ ရက္ေန႔႕ ၃ ေယာက္ေပါ့ ထပ္ၿပီး အဖမ္းခံရတယ္။ မနက္ ၄ နာရီ ေလာက္မွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ရြာထဲေရာက္လာၿပီး ဖမ္းသြားတာ။ ရြာကိုဝိုင္းၿပီးေတာ့ အားလံုးကို ဘုန္းႀကီးေက်ာင္းမွာ စုခိုင္းတယ္။ အဲ့မွာ နာမည္ေခၚတယ္ ၿပီးေတာ့ နာမည္ပါတဲ့လူေပါ့ အဲ့ဒါ ၃ ေယာက္ကို ဖမ္း သြားတာပါ။ စစ္ေဆးစရာရွိတယ္ေပါ့တဲ့ အဲ့လိုေျပာၿပီး ကားနဲ႔ေခၚသြားတယ္” ဟု ေျပာသည္။

ကပ္သေျပေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ အစည္းအေဝးလုပ္ရန္ရွိသူဟု ေခၚဆိုၿပီးေနာက္ ယခုကဲ့သို႔ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

ထို႔အျပင္ အဆိုပါေက်းရြာတြင္ ဇြန္လ ၂၆ ရက္ေန႔ကလည္း ရြာသား ၇ ဦးကို တပ္မေတာ္က စစ္ေဆးရန္ ရွိ သည္ဟု ဆိုကာ ဖမ္းဆီးေခၚေဆာင္သြားသည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇြန္လ ၂၆ ရက္ေန႔ ဖမ္းဆီးခံခဲ့ရသည္ ေက်းရြာသား ၇ ဦးမွာ ယခုအခါ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၀(က)၊ ပုဒ္မ ၅၂(က) တို႔ျဖင့္ အမႈဖြင့္ခံထားရသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

ၾသဂုတ္လ ၁၄ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေက်ာက္တလံုးေက်းရြာမွ ေဒသခံရြာသား ၄ ဦး ကို တပ္ မေတာ္ စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု သိရသည္။

“စစ္သားေတြက ရြာထဲကို မနက္ပိုင္းေပါ့ ၁၀ နာရီေလာက္မွာ ေရာက္လာတယ္။ စစ္သား အေယာက္ သံုး ေလး ဆယ္ေလာက္ ရွိမယ္ထင္တယ္။ ရြာထဲကို ဝင္လာၿပီးေတာ့ ရြာက စာသင္ေက်ာင္းမွာ နားၾကတယ္။ ၿပီးေတာ့ ရြာ ထဲက အိမ္ေတြကို တစ္အိမ္ၿပီးတစ္အိမ္ဝင္ရွာတယ္။ စစ္ေဆးတယ္။ အဲ့လိုစစ္ၿပီး ရြာသားေလးေယာက္ကို ဖမ္း ေခၚသြားတာပါ။ အခုေတာ့ အေျခအေနက ဘယ္လိုလည္း မသိရေသးဘူး။ အဆက္အသြယ္မရေသးဘူး။ ဘယ္ ကိုေခၚသြားလဲမသိဘူး။ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေတာ့ အေၾကာင္းၾကားထားပါတယ္” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။

တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး အဖြဲ႔က “ဩဂုတ္ ၁၄ ရက္ နံနက္ပိုင္းတြင္ ကပ္သေျပေက်း႐ြာ ဝင္၊ ထြက္လမ္းမ်ားအား ပိတ္ဆို႔၍ စစ္ေဆးမႈ မ်ား ျပဳလုပ္ခဲ့ရာ ထပ္မံ၍ AA အၾကမ္းဖက္ ေသာင္းက်န္းသူ အမာခံ ဘသိန္းေ႐ႊ(ခ)မနီက်ာ(ဘ) ဦးဘေအး ၄၈ ႏွစ္ ၊ ေဝသိန္းေအာင္ (ဘ)ဦးေအးေဇာ္ေအာင္ ၄၆ ႏွစ္၊ သန္းျမင့္ေအာင္(ခ)သန္းျမင့္ေ႐ႊ (ဘ) ဦးေ႐ႊဦး ၄၀ ႏွစ္ တို႔ ၃ ဦးအား ဖမ္းဆီးရမိခဲ့သည္။ အဆိုပါ ဖမ္းဆီးရမိ AA အၾကမ္းဖက္ေသာင္းက်န္းသူ အမာခံ ၃ ဦးအား သက္ဆိုင္ရာသို႔ လႊဲေျပာင္း၍ ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္” ဟု ၾသဂုတ္လ ၁၇ ရက္ေန႔ (ယေန႔) တြင္ ထုတ္ျပန္ထားသည္။

ထို႔အျပင္ ၾသဂုတ္လ ၉ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းရွိ ေတာပန္စင္းေက်းရြာမွ ရြာသား တစ္ဦးကိုလည္း တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။

ေတာပန္စင္းေက်းရြာသားမွာ “အဆိုပါ ဖမ္းဆီးရမိ AA အၾကမ္းဖက္ေသာင္းက်န္းသူအမာခံ ေအးေမာင္အား သက္ဆိုင္ရာသို႔ လြဲေျပာင္း၍ ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ၾသဂုတ္လ ၁၃ ရက္ေန႔ က ထုတ္ျပန္ထားသည္။

တပ္မေတာ္မွ ထို႔သို႔ အသီးသီးထုတ္ျပန္ထားေသာ္လည္း ယခုဖမ္းဆီးခံထားရသည့္ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကပ္သ ေျပေက်းရြာမွ ရြာသား ၃ ဦးအျပင္ ဇြန္လတုန္းက ဖမ္းဆီးခံခဲ့ရသည့္ ရြာသား ၇ ဦး ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်ာက္တလံုးေက်းရြာ မွ ေဒသခံရြာသား ၄ ဦး တို႔၏ မိသားစုဝင္မ်ားႏွင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားက ၎တို႔မွာ AA ႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ားမဟုတ္ေၾကာင္း၊ သာမန္အရပ္သားမ်ားသာ ျဖစ္သည္ ဟု ေျပာ သည္။