လောင်းလုံးတွင် ရဲကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရ ၊ ၆ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ရဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် LPDF အဖွဲ့က ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာအကြားရှိ ကြယ်တောင်အနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် အချက်ပြ ပွိုင့်မီးတန်းပါ ရဲကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံရွာသားများကပြောသည်။
မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၅ နှစ် အရွယ်ခန့်ရှိ ရွာသားတစ်ဦးက “အုန်းကနဲ့ ဆိုပြီး အသံတောင် အတော်ပြင်း တယ်။ သေနတ်ပစ်ခတ်သံတွေလည်း အတွဲလိုက်ကြားရတယ်။ ရဲကားကတော့ မှန်တွေ အကုန်လုံးကြေမွ ကုန် ပြီး ကားအနောက်ပိုင်းလည်း ပျက်စီးသွားတာ တွေ့ခဲ့ရတယ်” ဟု ပြောဆိုသည်။
ထိုမိုင်းဆွဲတိုက်ခိုက်မှုကို နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်တွင် လောင်းလုံးမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ LPDF က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ပေါက်ကွဲပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၃ ဦးရှိကြောင်းနှင့် LPDF ဘက် က တစ်ဦးကျဆုံးပြီး ဒဏ်ရာရရှိသူမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဘက်အပြန်အလှန်ပစ်ခတ် နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကူ အင်အားဖြည့်ရန် လိုက်လာ သည့် သတင်းကိုကြိုရသဖြင့် LPDF အဖွဲ့အနေဖြင့် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မင်းရပ်ကျေးရွာရှိ နန္ဒသီရိဘုန်းတော်ကြီးကျောင်းအနီး စစ်ကောင်စီ တပ်ဖွဲ့ဝင် များ က သွားလာသူများအား စစ်ဆေးနေပြီး အသက် ၂၀ ခန့်အရွယ် ရော်ဘာကော်ချေး ရောင်းရန်လာသည့် အမျိုးသားလူငယ်တစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
အဆိုပါ ပစ်ခတ်ခံရသည့် လူငယ်အမျိုးသားမှာ ဒူးခေါင်းကို ကျည်ဆံထိမှန်ခဲ့ပြီး လက်ရှိတွင် ထားဝယ်မြို့ရှိ စစ် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။