တောကြီးမြွေဟောက် (King Cobra) ကိုက်၍ ရော်ဘာခြံလုပ်သား တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

မြစ်ကြီးနားမြို့အနီးတွင် ရော်ဘာခြံလုပ်သားတစ်ဦး တောကြီး  မြွေ ဟောက် (King Cobra) ကိုက်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်နေ့၊ ညနေ ၄ နာရီကျော်က မြစ်ကြီးနား အနီး လွယ်ခေါကျေးရွာအုပ်စု ၁၈ မိုင်ကျေးရွာတွင် တောကြီးမြွေဟောက်ကိုက်ခံရပြီး သေဆုံးသွားသူမှာ မကွေးတိုင်း ဇာတိ အသက် ၆၀ အရွယ်ခန့်ရှိသည့် ရော်ဘာခြံတွင် အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦးဖြစ်သည်။

ဒေသခံတစ်ဦးက ရော်ဘာခြံထဲမှာ အလုပ်လုပ်ရင်းနဲ့ တောကြီးမြွေဟောက် လည်ပင်းမှာ အရစ်တွေနဲ့ ကိုက်ခံ  ရတာဟုတ်တယ် သူက ဆေးမမှီတာများတယ်သေတဲ့သူရဲ့ ကိုယ်လုံးမှာ မဲမဲအကွက်အကွက်တွေ ဖြစ်သွား တယ် ဟု ၎င်းက ရှင်းပြသည်။

၎င်းသည် ရော်ဘာခြံလုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်နေစဉ် မြွေကိုက်ခံရခြင်းဖြစ်ပြီး မြစ်ကြီးနားဆေးရုံသို့ အသွား လမ်းခုလတ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံ က ပြောသည်။

မြွေ၏အရှည်မှာ တလံခန့်ရှိပြီး လုံးပတ် ၄ လက်မ (ရေသန့်ဘူးအသေး) ခန့် အရွယ်ရှိကာ မြွေအရေခွံအညိုရောင် နှင့် ဝမ်းဗိုက်မှာ အဖြူရောင်ရှိပြီး သေဆုံးသူအမျိုးသားကိုယ်တိုင် မြွေကိုရိုက်သတ်နိုင်ခဲ့သည်။

တောကြီးမြွေဟောက် ခေါ် ငန်းပုတ်သည် အင်္ဂလိပ်အခေါ် King Cobra၊  သိပ္ပံအမည် Ophiophagus hannoh ဖြစ် ပြီး တောကြီးမြွေဟောက်ကိုက်သည့် ဖြစ်စဉ်သည် အလွန်ရှားပါးသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။

မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု ၁၈မိုင် (ကချန်ရန်) ကျေးရွာသည် မြစ်ကြီးနား-မန္တလေး သွားကား လမ်းပေါ်တွင်တည်ရှိသည့် ကျေးရွာ တစ်ရွာဖြစ်သည်။

ယခုကဲ့သို့ ကချင်ပြည်နယ် အအေးပိုင်းဒေသတွင် မြွေကိုက်ခံရပြီး သေဆုံးသွားသည့် ဖြစ်စဉ်မျိုး ရှားပါးသည်ဟု ရွာသား များ က ပြောသည်။

အသက် ၆၀ ကျော်အရွယ် ၁၈ မိုင်ကျေးရွာက အမျိုးသားတစ်ဦး က မြွေတွေတော့ရှိတယ်မြွေဆိုးတော့ သိပ် မရှိဘူး တသက်တကိုယ် မြွေကိုက်လို့သေတယ်ဆိုတာတခါမှ မကြားဖူးဘူး ဟု ပြောသည်။

ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံးမြွေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်သည့် တောကြီးမြွေဟောက် ခေါ် ငန်းပုတ် သည် တစ်ကြိမ်ကိုက်လျှင် နာဗ်ကြောကို ပျက်ဆီးစေသော neurotoxin အမျိုးအစား အဆိပ် ၅၀၀ မီလီဂရမ်ခန့် ထွက်နိုင်ပြီး ယင်းပမာဏသည် လူ ၂၀ ခန့်ကို အသက်သေဆုံးစေနိုင်ကာ ဆင်တကောင်အတွက်ပင် လုံလောက်သည်ဟု သိရသည်။

တောကြီးမြွေဟောက်အဆိပ်ကြောင့် အသက်ရှုစနစ်ကို ထိခိုက်စေပြီး အသက်လမ်းရှူလမ်းကြောင်းပိတ်ခြင်းနှင့် နှလုံးခုန်ရပ်တန့်ခြင်းတို့ကို ဖြစ်စေနိုင်သည်ဟု ဆိုကြသည်။

တောင်ငူသတ္တဗေဒ ဌာန၏ ဖော်ပြချက်အရ တောကြီးမြွေဟောက်များကို မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် တွေ့ရသည်ဟု သိရသည်။