ကံပေါက် ရွာသားများအား စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် မည်သည့် အကြောင်းရင်းမှန်း မသိရဘဲ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဒေသခံပြည်သူ ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးဟောင်း၊ ဒေသရေပေးဝေရေးနှင့် အမှိုက်သိမ်းစနစ် ကော်မတီဝင်ဟောင်းများ၊ CDM ဆရာမတစ်ဦးနှင့် ကံပေါက်ဒေသခံများ ပါဝင်သည်ဟု အဖမ်းဆီးခံရသူများ၏ မိသားစုဝင်များ က ပြောသည်။

“ဘာအကြောင်းနဲ့ ဖမ်းတာလဲတော့ မသိဘူး။ ညဘက်ကြီး အင်အားအလုံးအရင်းနဲ့ ရွာထဲဝင်လာတာ။ မီးဖွင့် ထားတဲ့ အိမ်တွေကိုလည်း ဝင်ရောက်ပြီး စစ်ဆေးပြီးဖမ်းတယ်။ မီးပိတ် တံခါးပိတ်ထားတဲ့ နေအိမ်တွေကိုလည်း တံခါးတွေ ကန်ဖွင့်ဖျက်ဆီးပြီး ဝင်ဖမ်းဆီးခဲ့တာ“ ဟု အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရထားသူများကို စစ်ကောင်စီ၏ ရေတပ်စခန်း တစ်ခုတွင် စစ်ဆေးမေးမြန်းလျက်ရှိနေသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်ည ၁၂ နာရီအချိန်ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များကို ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရသူများအထဲတွင် ရေဖြူမြို့နယ် ပျုစောထီးအဖွဲ့က အသက်အိုးအိမ်စည်းစိမ်ကို တာ ဝန်မယူကြောင်း စာထုတ် ခြိမ်း‌ခြောက်ခဲ့ဖူးသည့် ကံပေါက်ကျေးရွာ၏ ရေကော်မတီဝင်‌ဟောင်း အချို့ ပါဝင် လည်း ပါဝင်သည်ဟု သိရသည်။

အကြောင်းအရင်းခိုင်လုံမှုမရှိပဲ ဖမ်းဆီးသွားပြီး စစ်ကောင်စီ၏ ရေတပ်စခန်းထဲတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည့်အတွက် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညက ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် စရဖရုံးတို့ ဗုံးဖောက်ခွဲခံရမှု တစ်ခု ဖြစ် ပွားခဲ့ပြီး အဆိုပါဖေါက်ခွဲမှုကို ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF) က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ကြေညာထားသည်။