တောင်ကုတ်တွင် ကျောင်းဆရာမ တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင် နေထိုင်သူ CDM အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည် ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀(ည) ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု ရခိုင်ပြည်နယ် ရဲတစ်ဖွဲ့ မှူး ရုံး ထံမှ သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက “စစ်ဆေးနေတာမှန်ပါတယ်။ ၅၀(ည)နဲ့ အမှုဖွင့် စစ် ဆေးနေဆဲမို့ အခြေအနေကိုတော့ အတိအကျပြောလို့မရသေးဘူး” ဟုပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ နှင့်စရဖက ဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို နေအိမ်မှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ နှစ်အရွယ် ဆရာမဒေါ်ချယ်ရီသက်ရှည်သည် တောင်ကုတ်မြို့ အ.ထ.က (၂)ကျောင်းတွင် အထက် တန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း CDM ပြုလုပ်၍ ပထမဆုံး အဖမ်းခံရသူ ဖြစ်သည်။

တောင်ကုတ်မြို့ခံ အသက် ၅၀ ခန့် အရွယ်အမျိုးသားကြီးတစ်ဦး က “သူက စစ်အာဏာသိမ်းပြီးကတည်းက CDM လုပ်နေတာ ဆန္ဒထုတ်ဖေါ်ပွဲတွေမှာလည်း တက်တက်ကြွကြွ ဦးဆောင်ပါဝင်တာတွေတော့ ရှိတယ်။ အဲ့ဒါ ကြောင့်များလား မသိဘူး” ဟု ပြောသည်။

လက်ရှိတွင် ဆရာမဒေါ်ချယ်ရီသက်ရှည်ကို တောင်ကုတ်မြို့ရှိ အမှတ် ၃၄၆ တပ်ရင်းထဲတွင် စစ်ဆေးမှုများ ပြု လုပ်နေပြီး ရဲစခန်းကို ပြန်မရောက်သေးဘူးဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက CDM ဆရာမဒေါ်ချယ်ရီသက်ရှည် အဖမ်းဆီးခံရခြင်းသည် မည်သည့်အကြောင်း ကြောင့်ဆိုသည်ကို တိတိကျကျမသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိသည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ဒေါ်ချယ်ရီသက်ရှည်ကို အမှုဖွင့်စစ်ဆေးနေမှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက် သွယ်၍ မရရှိခဲ့ပေ။