လူငယ်ခေါင်းဆောင်အိမ်ကို ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းကျေးရွာရှိ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ တွဲဘက်အတွင်းရေးမှူးဟောင်းဖြစ်သူ၏ မိသားစုနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိပ်ပိတ်သွားသည်။

ထားဝယ်ဒေသတွင် လူသိများထင်ရှားသည့် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဟိန်းထက် ၏ နေအိမ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၅ နာရီကျော် အချိန်ခန့်တွင် လာရောက် ချိပ်ပိတ် သွားခြင်းဖြစ်သည်ဟု ဒေသခံရွာသားများကပြောသည်။

ဒီအိမ်မှာ အာဏာသိမ်းပြီးထဲက လူမနေတော့ပါဘူး ပိတ်ထားတာ လအတော်ကြာပြီ သုံးလေးလတောင် မက တော့ဘူး ဟု အသက် ၅၀ ခန့် အရွယ် ဝံတွင်းရွာသားတစ်ဦးက ပြောသည်။

ကိုဟိန်းထက်သည် စစ်တပ်က အာဏာမသိမ်းမှီ NLD အရပ်သား အစိုးရလက်ထက်တွင် လူငယ်ရေးရာကိစ္စရပ် များနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီတွဲဘက် အတွင်း ရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီး ဆန္ဒပြ သပိတ်စစ်ကြောင်းများတွင် ပါဝင်ပြီးကတည်းက မိသားစုတစ်ခ လုံးသည် အဆိုပါအိမ်တွင် မနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု ဝံတွင်းရွာခံများက ပြော သည်။

လူငယ်ဖွံ့ဖြိုးရေးစင်တာ Youth  Development  Institute (YDI) ကို တည်တောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ အဆိုပါ စင်တာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလအတွင်းတုန်းကလည်း ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံရွာသားများက ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း  တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်း၏ မင်းရပ် ကျေးရွာက နေအိမ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး ၏ ကျောက်ဆင်ကျေးရွာက နေအိမ်တို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိပ်ပိတ်ခဲ့ကြသည်။

စစ်ကောင်စီတပ်သည် NLD ပါတီဖျက်သိမ်းရန်အထိ ရည်ရွယ်နေပြီး တရုတ်နိုင်ငံက လက်မခံကန့်ကွက်မှုကြောင့် ပါတီကို မဖျက်သိမ်းသေးဘဲ  နိုင်ငံအနှံ့ရှိ NLD ပါတီဝင်များ၊ ပါတီနှင့် နီးစပ်သူများ၏ နေအိမ်များကို ချိပ်ပိတ် သိမ်းဆည်းနေခြင်း ဖြစ်သည်။