ကသာ ထီးချိုင့် ဒေသခံများ PDF စစ်သင်တန်း အပတ်စဉ် ၅ ပြီးဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်ရှိ ဒေသခံပြည်သူများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ကာကွယ် ရေးတပ် (PDF) ၏ အခြေခံစစ်ပညာ သင်တန်း အပတ်စဉ် ၅ ဆင်းပွဲ ကို နိုဝင်ဘာလ ၂၉ ရက်နေ့က မင်းဝံ တောင် အနီးတစ်နေရာတွင် ကျင်းပခဲ့သည်။

ထိုစစ်သင်တန်းတွင် လက်နက်ဖြုတ်တပ်ခြင်း၊ သေနတ်ပစ်ခတ်ခြင်း၊ ပဒေသာမိုင်းနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ အကြောင်းတို့ကို သင်ကြားပို့ချလေ့လာခဲ့ကြသည်ဟု PDF ခေါင်းဆောင် တစ်ဦးက ပြောသည်။

“သိသင့်သိထိုက်တာတွေ အကုန်သင်ပေးတယ်။ အဓိကတော့ စိတ်ဓါတ်ပါပဲ။ အားလုံးက ကြိုးစားပြီး လိုက်လုပ် ကြတယ်“

အဆိုပါ သင်တန်းကို ထီးချိုင့်အနီးတဝိုက်ရှိ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ စစ်အာဏာ ရှင် စနစ်ဆန့်ကျင်ရေးအတွက် လုပ်ကိုင်ရန် စိတ်ဝင်စား ပြည်သူ စုစုပေါင်း ၆၅ ဦးခန့်တက်ရောက်ခဲ့ကြပြီး အများစုက လူငယ်များ ဖြစ်ကြသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်က မန္တလေးဘက်မှ မိုးညှင်းဘက်သို့ တက်လာသည့် စစ်ကောင်စီ၏ ကားအကြီးအသေး ၃၀ ကျော်ပါသည့် ရိက္ခာယာဉ်တန်း ထီးချိုင့်နှင့် ကျောက်အိုက်ကြား နေရာ ၄ နေရာတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် တာဝန်ရှိသူများက ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် ပဒေသာမိုင်း၊ ရှေ့ထွက်မိုင်းများ အသုံးပြုတိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီး လက်နက်ငယ် များဖြင့်ပါ ပစ်ခတ်တိုက်ခိုင်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

ပဒေသာမိုင်းဆိုသည်မှာ အတန်းလိုက် နေရာခွဲပြီး မိုင်းထောင်တိုက်ခိုက်သည့်စနစ်ဖြစ်ပြီး ရှေ့ထွက်မိုင်းဆိုသည် မှာ လျှပ်စစ်စနက်ကို အသုံးပြုကာ ဝါယာနှင့်တွဲဆက်ထားပြီး ဓါတ်ခဲပါဝင်ပြီး ဖောက်ခွဲသူသည် လိုအပ်သည့် အကွာအဝေးမှ နေ၍ ထိန်းချုပ်ဖောက်ခွဲရသည့် အဝေးထိန်းကြီးကြပ်မိုင်းအမျိုးအစား ဖြစ်သည်။

ဇွန်လ ၂၆ ရက်နေ့ကတုန်းက ကျောက်အိုက်တောင်တွင် စစ်ကားသုံးစီးကို ခြုံခိုတိုက်ခြင်းဖြင့် ထီးချိုင့် PDF တိုက် ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် ရွှေဘို-မြစ်ကြီးနား လမ်းမကြီးကိုသာမက အရှေ့ ဘက်ကမ်းတွင်လည်း တိုက်ပွဲအချို့ဖော်ဆောင်နိုင်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းရှိ PDF များကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ပညာသင်ပေးပြီး ပူးပေါင်းစစ်ဆင်ရေး အချို့လည်း လုပ်ဆောင်ခဲ့ကြသည်။