ဖိနှိပ်ဖြိုခွဲမှုများကြားမှ ဆက်လက်လှုပ်ရှားမည်ဟု တက်ကြွလှုပ်ရှားသူများပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။

စစ်ကောင်စီက ဖိနှိပ် ဖြိုခွဲမှုများ လုပ်ဆောင်နေသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုများကို ရသည့် အခြေအနေမှ ဆက်လက် လုပ်ဆောင်သွားမည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံရေးအကျင်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာရင်းများအရ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၁၃၀၀ ဦး ရှိခဲ့ပြီ ဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၇၆၆၈ ဦး၊ ၎င်းတို့ထဲက ၃၄၃ ဦးကို  ထောင်ဒဏ်ချမှတ်ထား ပြီးဖြစ်သည်။


လူငယ်တွေက နိုင်ငံရေးလှုပ်ရှားမှုမှာ ပိုမိုအရှိန်မြင့်လာတယ်။ ကရင်နီမှာတော့ အာဏာရှင်ကို တွန်းလှန်တဲ့ လှုပ်ရှားမှုတွေက အာဏာမသိမ်းခင်ကတည်းက အများကြီးရှိခဲ့တယ်။ အာဏာသိမ်းလိုက်တဲ့နောက်မှာ စစ် အာ ဏာရှင်ကို ပိုပြီး ဖိဖိဆီးဆီး တွန်းလှန်နေကြတယ်။ ဘယ်လိုပဲ ဖမ်းဖမ်း၊ ပစ်သတ်တာတွေ လုပ်လုပ်ပေါ့နော် ကျမတို့လက်ထက်မှာတော့ ဒီစစ်အာဏာရှင်ကို အမြစ်ပြတ်အောင် တိုက်ထုတ် တွန်းလှန်ဖို့ပဲ ဆုံးဖြတ်တယ် ဟု ကရင်နီလူငယ် မော် က ပြောသည်။

ထောင်ဒဏ်ချမှတ်ခံထားရသူ ၃၄၃ ဦးထဲတွင် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၃၄ ဦးက သေ ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသည့်အတွက် တိမ်းရှောင်နေသူ ၁၉၅၄ ဦး၊ ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၁၀ လတာ ကာလအတွင်း သေဒဏ်ချမှတ်ခံ ထားရသူ စုစုပေါင်း (၇၃) ဦးရှိပြီဖြစ်သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်မှ ကိုစိုင်းမွန်ဇော်သည် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည့် ဒဏ်ရာများကို ကုသနေစဉ် ပဲခူးမြို့ရှိ စွယ်တော်အထူးကုဆေးရုံ၌ ကျဆုံးသွားခဲ့သည်။

ကိုစိုင်းမွန်ဇော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း စာရွက်စာတမ်းဝေငှခဲ့သည့်အတွက် ဧပြီလ အတွင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး အောက်တိုဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး စစ်ကြောရေးတွင် ရရှိခဲ့သည့် ဒဏ်ရာများ ကုသနေစဉ် ကျဆုံးသွားရခြင်း ဖြစ်သည်။

ထို့အပြင် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ် ထားသည့် ကျောင်းဆရာမ မသဲစုနိုင်၏မိခင်ဖြစ်သူ ဒေါ်စောရီကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၃၀ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ဖမ်းဆီးသွားခဲ့ပြီး မသဲစုနိုင်သည်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသည်။

အာဏာသိမ်း စစ်ကောင်စီကို တော်လှန်သည့် ကာလ ကြာရှည်လာသည့်နှင့် အမျှ ဆန့်ကျင်တော်လှန်သူများအကြား သဘောထား ကွဲလွဲမှု အားမလို အားမရ ဖြစ်မှုများလည်း ရှိလာနေသည်။

ကဗျာဆရာ လူငယ်တစ်ဦးဖြစ်သည့် ဧရာဝဏ်(မအူပင်) က ကျနော်ကိုယ်တိုင်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့ အတွက် လူငယ်တွေကိုယုံတယ်။ အားလည်းပေးတယ်။ ဒါပေမယ့် ကျနော်ကြီးပဲ သွားလို့ကလည်း မရဘူး။ ကျနော်တို့လည်း လုပ်ပြပြီးပြီဗျ။ တောက်လျှောက်ဆန္ဒပြတယ်။ လူငယ်တော်တော်များများ အကုန်တောက် လျှောက် ထွက်တယ်။ ပစ်နေတဲ့ကြားထဲကလည်း လူငယ်တွေက လုပ်နေတာပဲဗျ။ လူငယ်တွေက ဒီကနေ့အထိ သက်သေပြနေတုန်းပါ။ဟု ပြောသည်။ ဧရာဝဏ်က လူကြီးတွေနည်းနည်းနှေးနေတာကို အားမရဘူး။ NUG ကလည်း နှေးတယ် အလုပ် လုပ်တာ။ အားမရဘူးပေါ့ဗျာ ဟု ဆက် ပြောသည်။

စစ်တပ်က နိုင်ငံကို ဆက်လက်ထိန်းချုပ်နိုင်သွားပါက အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်၊ နိုင်ငံ၏ ရှေ့ရေးအလားလာများမှာ စစ်အာဏာရှင် လက်ထဲသို့ ၂၀၁၀ ခုနှစ်မတိုင်ခင်တုန်းကထက်ပင် ပိုမိုဆိုးလာနိုင်သည်ဟုလည်း သုံးသပ်ပြောဆိုနေကြသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ယနေ့အချိန် လူငယ်များက ဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင်ကြောင်း ရရာနည်းလမ်းများဖြင့် တော်လှန်နေကြသည်မှာ ၁၀ လ ပြည့်ခဲ့ပြီ ဖြစ်သည်။