ဘုရားသုံးဆူတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ မြို့အနီးနေထိုင်သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု မြို့ခံများက ပြောသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ ချောင်းဆုံကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ဆိုသူကို ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။
“သေနတ်သမားက နှစ်ဦးလို့ ပြောတယ်။ ဆိုင်ကယ်နဲ့ လာပြီးတော့ အိမ်မှာ လာပစ်သွားတယ်။ သေနတ်သမား တွေက ဘယ်သူတွေလဲဆိုတာက ဘာမှမကြားမိသေးဘူး။ အုပ်ချုပ်ရေးမှူးကတော့ သေသွားတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
ဦးဇော်မျိုးအောင်သည် ချောင်းဆုံကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ရှိနေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်မှု ကြောင့် ရရှိသွားသည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ပစ်ခတ်မှုနှင့် ပတ်သက်၍ ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံ ရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်သည် စစ်တပ်က အာဏာ သိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများ၏ ပြော ပြချက်အရ သိရသည်။
ဘုရားသုံးဆူမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ နှင့် နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့် ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။