ကွတ်ခိုင်က အမျိုးသမီးဆေးရုံအုပ် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ဆေးရုံအုပ် ပစ်သတ်ခံရသည်ဟု မြို့ခံများက ပြောသည်။

ကွတ်ခိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညတွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ကွတ်ခိုင်မြို့ခံတစ်ဦးက မနေ့က မုန်းဆီးဟိုးဘက်ဂွင်မှာ ကိုဗစ် ကာကွယ်ဆေးသွားထိုးတာ။ သွားထိုးပြီးအပြန် ကွတ်ခိုင်အဝင် တစ်မိုင်လောက်မှာပေါ့၊ အဲ့မှာ ပစ်ခံရတာ။ ဘယ်သူပစ်သွားမှန်းလည်းမသိဘူး။ အခုသူ့ရဲ့ အလောင်းကိုတော့ လားရှိုးပို့လိုက်ပြီ။ ကွတ်ခိုင်မြို့ရဲ့ အစွန်လေးနားမှာပဲ ဟု ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်၊ ကျန်းမာရေးဝန်ထမ်း အချို့ တို့နှင့် အတူ ထွေအုပ်ရုံးတာဝန်ရှိသူများ ကွတ်ခိုင်မြို့နယ် မုန်းစီးကျေးရွာသို့ ကိုဗစ်-၁၉ ကာကွယ် ဆေးသွား ထိုး ပြီး အပြန်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဆေးရုံအုပ်ကြီးကို ကားပေါ်မှ ဆင်းခိုင်းပြီး အနီးကပ်ပစ်သတ်ကာ ကားပေါ်ပါလာသူများကို ပြန်လှည့်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ မြို့ခံက ပြောသည်။

ကားကနှစ်စီးပါ။ ဌာနဆိုင်ရာလည်းပါတယ်။ ဆရာမကြီးရဲ့ ကားက နောက်မှာ ကျန်းမာရေးဝန်ထမ်း အဖွဲ့တွေ လည်း ပါတယ်။ အခင်းဖြစ်လိုက်တာကိုလည်း ဘယ်သူမှ မသိလိုက်ဘူး။ ထွေအုပ်တို့က ကားတစ်စီးပေါ့။ သူနဲ့ ကျန်းမာရေး ဝန်ထမ်းရယ်၊ ယာဉ်မောင်းရယ်။ သူ့ကိုပဲ ပစ်သတ်သွားတယ်။

မော်ဟန်ကျေးရွာအကျော် ကွတ်ခိုင်မြို့အဝင်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းမှသာ သူနှင့်အတူ လိုက်ပါသွားသည့် အခြားကျန်းမာရေးဝန်ထမ်းများနှင့် အဆက်အသွယ်ရကာ အလောင်းသွားသယ်လာရသည်ဟု မြို့ခံများက ပြောသည်။

တခြားကျန်းမာရေး ဝန်ထမ်းတွေကတော့​ ကြောက်နေတာပေါ့။ သူတို့ကိုတော့ လက်နက်ကိုင်တွေက ဘာမှ မပြောဘူးတဲ့။ အဲ့ဆရာမကြီးကိုပဲ ပစ်တာတဲ့။ ဆရာမကြီးရဲ့ ကားကိုလည်း သိတယ်လေ။ ကားက ကွတ်ခိုင် က နေ ထွက်သွားတာလည်းသိတယ်။ ပြန်လာတာလည်း သိတယ်။ အဲ့ဒါ သူ့ကားကိုပဲ တားပြီး ပစ်သတ်သွားတာ ဟု မြို့ခံတစ်ဦးက ဆက်ပြောသည်။

လက်ရှိအချိန်ထိ ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်နှင့်အတူ လိုက်ပါသွားသည့် အခြား ကျန်းမာရေးဝန်ထမ်းများ ကို စစ်ကောင်စီက မေးမြန်းစစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဆေးရုံအုပ်အား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရာကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

သို့သော် ကွတ်ခိုင်မြို့ခံအချို့၏ ပြောပြချက်အရ ဒေါက်တာဝင့်ဝင့်မြိုင်သည် Non CDM (လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် မပါဝင်သူ) တစ်ဦးဖြစ်ပြီး ၎င်း ကိုယ်တိုင်က အခြား CDM ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်မှုများ ရှိသည်ဟု သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကွတ်ခိုင်မြို့အတွင်းလည်း စစ်ဆေးမှုများရှိနေသည့်အတွက် CDM ကျန်းမာရေး ဝန် ထမ်းအချို့လည်း စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ – CJ