ဂျုံးဂျုံးကျ Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် မိုင်တဲဖုန်းတာဝါတိုင် တစ်တိုင် မိုင်းခွဲဖျက်စီးခံရပြီးနောက် လူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာအနီးရှိ မိုင်တဲဖုန်းတာဝါတိုင် တစ်တိုင် ဒီဇင်ဘာလ ၁၈ ရက် နေ့၊ နံနက် ၃ နာရီကျော် အချိန်ခန့်က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“စစ်တပ်နဲ့ ရဲတွေလာစစ်ကြတယ်။ ရွာကိုလူစိမ်းတွေ လာသလား ဘယ်သူတွေ တာဝါတိုင်နား လာတတ်သလဲ မေးတယ်။ ကျုပ်တို့က မသိလို့ မသိဘူးပြောတယ်။ ရွာကိုတွေ့မယ်လို့ ကြိမ်းသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျုံပျော်မြို့ အဝင်အထွက် လမ်းများကို ပိတ်ဆို့စစ်ဆေးနေပြီး ဆိုင်ကယ်ဖြင့် ခရီး သွားသည့် လူငယ် ၆ ဦးကို စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်ဆီးထားသည်ဟု ကျုံပျော်မြို့မ ရဲစခန်း နှင့် နီးစပ်သူ များထံမှ သိရသည်။
ကျုံပျော်မြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာအနီးရှိ မိုင်တဲဖုန်းတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ဖုန်းတာဝါတိုင်က ဆက်သွယ်စက်များနှင့် ဝါယာကြိုးများ ပျက်စီးသွားသည်။ သို့သော် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖုန်းတာဝါတိုင်ကို ကျုံပျော်မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် အခြားမဟာမိတ် အဖွဲ့ ၂ ဖွဲ့တို့က ပူးပေါင်းပြီး မိုင်းခွဲခဲ့ခြင်း ဖြစ်သည်ဟု ကျုံပျော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကျုံပျော်မြို့နယ် အတွင်း အခြားဖုန်းတာဝါတိုင်များတွင် ပူးတွဲ ချိတ်ဆက်ထားသည့် မိုင်တဲဖုန်းတာဝါတိုင်များ မပါ ပဲ၊ သီးသန့် မိုင်တဲဖုန်းတာတိုင် စုစုပေါင်း အတိုင် ၃၀ ခန့် ရှိသည်ဟု ဧရာဝတီတိုင်း မိုင်းတဲဖုန်း ဆက်သွယ်ရေးရုံး ထံမှ သိရသည်။