အသက် ၆၀ အရွယ်အမျိုးသမီး ရဲကျည်ဆံကြောင့် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဒု-ရဲအုပ်တစ်ဦးက အသက် ၆၀ အရွယ်ရှိ အမျိုးသမီး တစ်ဦးကို သေနတ်ဖြင့် ပစ် ခတ်သဖြင့် သေဆုံးခဲ့ပြီး အဆိုပါအမျိုးသမီး၏ အသုဘတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်နေ့၊ ည ၁၀ နာရီ ကျော်အချိန်ခန့်က ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် မျိုးချစ်ဆန်စက် အနီးရှိ
ဒေါ်ဌေး ၏ အိမ်တွင် သားမက်ဖြစ်သူကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံး ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
“သေနတ်သံ တစ်ချက်ပဲကြားတယ်။ ဒေါ်ဌေး ရဲ့ လည်ပင်းကို ကျည်ဆံမှန်ပြီး ဆေးရုံ အပို့လမ်းမှာ သေသွား တယ်” ဟု သေဆုံးသူ ဒေါ်ဌေး မိသားစု နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
ဒေါ်ဌေးသည် ယခင်လည်း သူမ၏သားဖြစ်သူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး နှိပ်စက်ခဲ့သည်ကို ကြုံခဲ့ရဖူး သဖြင့် သားမက်ကို မဖမ်းရန် ကာကွယ်ပြောဆိုရာမှ အချင်းများပြီး ဒု-ရဲအုပ်က အနီးကပ် ပစ်ခတ်ခဲ့သဖြင့် သေ ဆုံးသွားခြင်း ဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
သို့သော်လည်း နယ်မြေရဲစခန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက သေဆုံးသူ ဒေါ်ဌေးက လုံးထွေးသတ်ပုတ် ရန်ပြုလာသဖြင့် သေနတ်မှ မတော်တဆ ကျည်ဆံထွက်သွားပြီး သေဆုံးရခြင်းဖြစ်ပြီး ဖြစ်ရပ်မှန်ကို စစ်ဆေးနေဆဲဖြစ်သည်ဟု ပြောသည်။
ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူ ဒေါ်မဌေး (အသက် ၆၀ နှစ်) ၏ ရုပ် အလောင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် ပုသိမ်မြို့၊ သရောင်းချောင်းသုဿာန်သို့ အသု ဘချရန် ကျန်ရစ်သူမိသားစုများက ပို့ဆောင်စဉ် စစ်ကောင်စီတပ်က သရောင်းချောင်း သုဿာန်သို့ သွားသည့် လမ်းခုလတ်တွင် တားမြစ်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့က ဒေါ်ဌေး၏ သားမက် ဖြစ်သူ ကိုကျော်ကြီး ဆိုသူကို ပြစ်မှုရှိ၍ လာဖမ်းခြင်းဖြစ်ပြီး ကိုကျော်ကြီးအား မဖမ်းခင် နှစ်ရက်က ဒေါ်ဌေး၏ သားဖြစ်သူကိုလည်း စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့ပြီး နောက် လက်ရှိတွင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့ထံမှ သိရသည်။