မွန်ပြည်နယ် ဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင် နှစ်နှစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အတွက် စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်လိုက်သည်ဟု နီးစပ်သူများက ပြော သည်။
ဒေါက်တာအေးဇံကို ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ကြရန် တိုက်တွန်းမှုဖြင့် စစ် ကောင်စီက ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅–ခ နဲ့ အဂတိမှုနဲ့ စွဲဆိုထားတယ်။ အခု အမိန့်ချလိုက်တာက ၅၀၅–ခ အမှု အတွက်ဖြစ်တယ်။ ထောင်ဒဏ် နှစ်နှစ် အမိန့်ချလိုက်တယ်။ အဂတိမှုနဲ့ စွဲဆိုထားတာတွေကျတော့ အမိန့်မချ ရသေးဘူး” ဟု ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-ခ အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျိုက်မရော အကျဥ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ် သည်။
ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အပြင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဥ်က လုပ်ပိုင်ခွင့်ကို အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့သည်ဆိုပြီး အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်း စစ်ကောင်စီက အမှုဖွင့်ထားသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ကျိုက်မရော အကျဥ်းထောင်တွင် ရှိနေသည်ဟုလည်း နီးစပ်သူများထံ မှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်အချို့များကို
စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က/ခ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
အမှုဖွင့်ခံရသူများအနက် ဝန်းကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦးသာ ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ဒေါ်မာမာခိုင်ကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က စစ် ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ် ခဲ့သည်။