တပ်ရင်း ဌာနချုပ် စခန်း ၂ ခုကို KIA ဝင်ရောက်စီးနင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုးကောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်း ဌာနချုပ် တပ်စခန်း ၂ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KIO/KIA က ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက် (ယနေ့) နံနက်တွင် မိုးကောင်း-ဟိုပင်ကြားရှိ စစ်ကောင်စီ တပ်ရင်း ၃၈၃ နှင့် ၃၈၄ ဌာနချုပ် တပ်စခန်းများ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုအခြေအနေနှင့် ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ဒီနေ့ပေါ့ ဒီမနက် ၃ နာရီနဲ့ ၅ နာရီကြားမှာ တိုက်ပွဲ ဖြစ် တာ ရှိပါတယ်။ ကျနော်တို KIA ဖက်ကတော့ တပ်ရင်း ၄၄ ပေါ့ အမှတ် ၄၄ တပ်ရင်းကနေ စစ်ကောင်စီဖက်က အမှတ် ၃၈၃ နဲ့ ၃၈၄ တပ်ရင်း ဌာနချုပ်တွေကို ဝင်တိုက်တာ ဖြစ် ပါတယ်။ ဝင်စီးပြီးမှ KIA တွေကတော့ အဲမှာ အနည်ထိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့နော။ ပြန်ဆုတ်သွားတဲ့ အနေအထား ဖြစ်ပါတယ်။ ဟိုပင်နဲ့ ဒီ မိုးကောင်းကြားကပေါ့နော် ဆားမှော်ရဲ့ အရှေ့ဖက်မှာ ကျပါတယ်။ ကျနော်တို့ တိုင်းရင်းသား အခေါ်ကတော့ ကဝါးကောင်းလို့ ပြောလို့တာဖြစ်ပါတယ်။ အဲဒီဖက်မှာ” ဟု ပြော သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူများဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
“အဲဒီ ဝင်စီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဖက်ကတော့ လေကြောင်းနဲ့ ပြန်ပြီးမှ ပစ်ကူတယ် ဆိုတဲ့ သတင်း တက်ပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရမှုတွေ နောက်လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့ အခြေအနေ တွေကတော့ ဘာမှမကြားရသေးပါဘူးခင်ဗျာ” ဟု ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း ကျောက် စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်းက အခြားဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ရှမ်းပြည် နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် KIA တပ်ဖွဲ့များ စစ်ရေးတင်းမာမှုများရှိနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညက လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်။
တချိန်တည်းမှာပင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် နီပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF များလည်း ပါဝင်တိုက်ခိုက်နေသည်ဟု သိရ သည်။
ထို့အတူ တိုင်းရင်းသား ပြည်နယ်များတွင်သာမက တိုင်းဒေသကြီး တော်တော်များများတွင်လည်း စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။
ဓါတ်ပုံ – The Kachin Net